တရုတ်က မြေရှားသတ္တု တွေ တင်ပို့ခွင့် ကန့်သတ်လိုက်ခြင်းဟာ အမေရိကန်ရဲ့ နောက်ဆုံးမျိုးဆက် တိုက်လေယာဉ် အသစ်အပါအဝင် အဆင့်မြင့် စစ်သုံးပစ္စည်းတွေ စမ်းသပ်မှု၊ ထုတ်လုပ်မှုတွေအတွက် အခက်အခဲတွေ ကြုံလာနိုင်ချေရှိကြောင်း Nikkei Asia သတင်းမှာဖော်ပြထားပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်ပမာဏ မြင့်မြင့်မားမား တိုးမြှင့် စည်းကြပ်လိုက်တာကို တရုတ်ကလည်း မတူညီတဲ့ နည်းလမ်းတွေနဲ့ တစ်ဖန်ပြန်လည်လက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ အမေရိကန်ဆီ မြေရှားသတ္တု တင်ပို့မှုတွေ ကန့်သတ်ခြင်းလည်း ပါဝင်ပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာမြေရှားသတ္တု ထုတ်လုပ်မှုနဲ့ တင်ပို့မှု အများဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။
မြေရှားသတ္တု စာရင်းမှာ ပါဝင်တဲ့ သတ္တုအမျိုးအစားတွေဟာ နည်းပညာမြင့် ဆီမီကွန်ဒက်တာတွေ အပါအဝင် စစ်သုံးပစ္စည်းတွေနဲ့ မျိုးဆက်သစ် စက်ကိရိယာတွေ တည်ဆောက်မှုမှာ အထူး အရေးတကြီး လိုအပ်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှု ကန့်သတ်ချက်ဟာ အမေရိကန်ရဲ့ စစ်ရေးနည်းပညာ မြှင့်တင်မှု၊ အထူးသဖြင့် မျိုးဆက်သစ် လေကြောင်းစိုးမိုးရေး စီမံကိန်း (NGAD)လို့ ခေါ်ဝေါ်တဲ့ တိုက်လေယာဉ် အသစ်တစ်မျိုး စမ်းသပ်တီထွင်နေမှုမှာ ပြဿနာတွေ ကြုံလာစေဖွယ် ရှိနေတာဖြစ်ပါတယ်။