တရုတ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အမေရိကန်ပြည်ထောင်စုမှာ လာရောက် ကလေးမီးဖွားပြီး မွေးရာပါနိုင်ငံသားဖြစ်မှုအခွင့်အရေး ရရှိဖို့ ဝန်ဆောင်မှုပေးတဲ့ ကယ်လီဖိုးနီးယားက အမျိုးသမီးတစ်ယောက်ကို အမေရိကန်တရားရုံးက ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်ပါတယ်။

အမေရိကန် ခရိုင်တရားသူကြီး အာရ် ဂါရီ ကလော့စ်နာ က ဖိုးဘီ ဒုန်းဆိုတဲ့ အမျိုးသမီးကို ထောင်ဒဏ် (၄၁) လချမှတ်ပြီး ချက်ချင်း ဖမ်းဆီးထိန်းသိမ်းဖို့ တနင်္လာနေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒုန် နဲ့ သူ့ ခင်ပွန်းတို့ကို USA Happy Baby ဆိုတဲ့ ကုမ္ပဏီ တည်ထောင်ပြီး ပူးပေါင်းကြံစည်မှု ၊ ငွေကြေးခဝါချမှုတို့ ကျူးလွန်မှု စွဲချက်နဲ့ တရားရုံးတော်က ပြစ်မှုထင်ရှား စီရင်ခဲ့တာပါ။

ဒုန် နဲ့ ခင်ပွန်း လျူတို့ဟာ ကိုယ်ဝန်ဆောင် တရုတ်အမျိုးသမီး (၁၀၀) ကျော်ကို အမေရိကန်ကို လာရောက်နိုင်အောင် ကူညီခဲ့ပြီး ကိုယ်ဝန်ရှိမှန်း မသိသာအောင် အင်္ကျီပွပွဝတ်ဆင်ဖို့ နဲ့ လေဆိပ်က အမေရိကန် လ၀က အရာရှိတွေရဲ့ မေးမြန်းစစ်ဆေးမှုကို ဘယ်လိုလှည့်ပတ်ဖြေဆိုရမလဲဆိုတာကိုပါ သင်ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ အိမ်ဖြူတော်ကို သမ္မတ ဒေါ်နယ်ထရမ့် တကျော့ပြန် ရောက်လာပြီးနောက် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကိစ္စအပေါ် အဓိကအာရုံစိုက်ပြီး ကိုင်တွယ်လာချိန်မှာ အခု စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။