ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းဝင်တွေကို လေယာဉ်နဲ့ ပြန်ပို့တဲ့ ဖြစ်စဉ်မှာ သမ္မတထရမ့်အုပ်ချုပ်ရေးအဖွဲ့ဟာ တရားရုံးအမိန့်ကို ဖီဆန်ခြင်း ရှိ၊ မရှိ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဝါရှင်တန်ဒီစီက ဖက်ဒရယ်တရားသူကြီး ဂျိမ်းဘိုးစ်ဘတ် (James Boasberg) ဟာ မတ်လ ၁၅ ရက် ညနေပိုင်းမှာ ပြင်နှင်ဒဏ်ပေးတာတွေကို ခေတ္တဆိုင်းငံ့ဖို့ ယာယီ တားမြစ်မိန့် ထုတ်ခဲ့ပြီး ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းဝင်တွေကို ပို့ဆောင်တဲ့ လေယာဉ်ကိုလည်း ပြန်လှည့်ဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီ မတ်လ ၁၅ ရက် ညနေပိုင်းမှာပဲ ဒီလေယာဉ်တွေဟာ ထွက်ခွာသွားခဲ့ပြီး ထရမ့်အုပ်ချုပ်ရေး အဖွဲ့ကတော့ တရားသူကြီးအမိန့်ထုတ်တဲ့အချိန်မှာ ရာဇဝတ်ဂိုဏ်းသားတွေကို ပို့ဆောင်တဲ့ လေယာဉ်က ထွက်ခွာသွားပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ထရမ့်အုပ်ချုပ်ရေးအဖွဲ့ဟာ တရားရုံးအမိန့်ကို ချိုးဖောက်တယ်ဆိုပြီးတော့ အဖွဲ့နှစ်ခုက တရားစွဲဆိုထားပြီး မနေ့က မတ်လ ၁၇ ရက်မှာ ဒီအမှုကို ကြားနာမှု ပြုလုပ်ခဲ့ပါတယ်။
ဒီကြားနာမှုအတွင်း ထရမ့်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရှေ့နေတွေက တရားသူကြီးရဲ့ လေယာဉ်တွေကို ပြန်လှည့်ဖို့အမိန့်ဟာ နှုတ်နဲ့ပဲ ပြောကြားခဲ့တာဖြစ်ပြီး စာနဲ့ အမိန့်ထုတ်တာမဟုတ်တဲ့အတွက် ဒီဖြစ်စဉ်ဟာ အမိန့်ဖီဆန်ရာ မရောက်ကြောင်း လျှောက်လဲခဲ့ပါတယ်။
တရားသူကြီး ဘိုးစ်ဘတ်က ဒီလျှောက်လဲချက်ကို လက်မခံဘဲ လေယာဉ်ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မေးခွန်းထုတ်ခဲ့ပေမယ့် ထရမ့်အစိုးရရဲ့ ရှေ့နေက အမျိုးသား လုံခြုံရေးစိုးရိမ်မှုအခြေအနေကို ကိုးကားပြီး အကြိမ်ကြိမ် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
တရားသူကြီးက ပြည်နှင်ဒဏ်ပေးခဲ့တဲ့ အချိန်နဲ့ ပတ်သက်လို့ နောက်ထပ်အသေးစိတ် အချက်အလက်တွေနဲ့ လေယာဉ်ပျံသန်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဒီနေ့မတ်လ ၁၈ ရက် မွန်းလွဲပိုင်းမှာ တင်ပြဖို့ အမိန့်ပေးထားပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး တရားသူကြီး ဘိုးစ်ဘတ်က လာမယ့် မတ်လ ၂၁ ရက်မှာ စီရင်ချက်ချဖို့ ရှိနေပါတယ်။