အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်တရားရုံးချုပ် ပြုပြင်ပြောင်းလဲရေးကို မကြာခင် အဆိုပြုမယ်လို့ သိရပါတယ်။

တရားရုံးချုပ် တရားသူကြီး ကိုးဦးအတွက် သက်တမ်းကန့်သတ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေ အပါအဝင် တရားရုံးချုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲဖို့ အဆိုပြုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သဘောထား တွေ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတဲ့ ကွန်ဂရက်လွှတ်တော်မှာ တရားရုံးချုပ် အပြောင်းအလဲတွေဟာ ဥပဒေ ဖြစ်လာဖို့ အခွင့်အလမ်း နည်းပါးပါတယ်။

တရားရုံးချုပ် အပြောင်းအလဲတွေအပြင် ကျယ်ပြန့်တဲ့ သမ္မတအပေါ် လွတ်ငြိမ်းချမ်းသာခွင့်ကို ဖယ်ရှားဖို့ ဖွဲ့စည်းပုံပြင်ဆင်ချက်တစ်ရပ်ကို အဆိုတင်သွင်းမယ်လို့ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့က သမ္မတဟောင်း လိုင်ဒွန် ဘီ ဂျွန်ဆင်ရဲ့ သမ္မတအိမ်တော်စာကြည့်တိုက်မှာ မိန့်ခွန်းပြောကြား ရာမှာ ထည့်သွင်းပြောကြားသွားတာပါ။

အမေရိကန်နိုင်ငံကို ရိုးရှင်းပေမယ့် လေးနက်တဲ့ နိယာမအရ တည်ထောင် ခဲ့တာဖြစ်ပြီး သမ္မတအပါအဝင် ဘယ်သူကမှ ဥပဒေအထက်မှာ မရှိဘူးလို့ သမ္မတဘိုင်ဒန်က ဝါရှင်တန်ပို့စ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်တရားရုံးချုပ်မှာလည်း ဒီလို စီရင်ခွင့်မရှိဘူးလို့ ဘိုင်ဒန်က သူ့အမြင့်ကို ဖော်ပြထားပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမှာ ပြန်ရွေးကောက်ခံဖို့ ကြိုးစားမှုကိုအဆုံးသတ်ပြီး ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ယှဉ်ပြိုင်ဖို့ ဒုတိယသမ္မတ ကမာလာဟဲရစ်ကို ထောက်ခံအားပေးပြီးနောက် သမ္မတဘိုင်ဒန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။