အစ္စရေးစစ်တပ်ဟာ တပ်ဖွဲ့ဝင်တွေ လိုက်နာရမဲ့ မီဒီယာအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းသစ်တွေကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဘရာဇီးလ် တရားရုံးတစ်ရုံးက နိုင်ငံကို အလည်ခရီး လာရောက်ခဲ့တဲ့ အစ္စရေးစစ်သား တစ်ယောက်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်လိုက်တဲ့နောက်မှာ အခုလို စည်းမျဉ်းသစ်တွေ ထုတ်ပြန်လာတာပါ။

အဲဒီစည်းမျဉ်းအရ မီဒီယာတွေနဲ့ စကားပြောတဲ့အခါ စစ်သည် တွေရဲ့ မျက်နှာနဲ့ အမည်တွေကို စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေချိန်ရော တာဝန်ချိန်ပြင်ပမှာပါ ဖုံးထားဖို့၊ ပြည်ပနိုင်ငံသား ခံယူထားသူ စစ်သည်တွေအနေနဲ့လည်း မျက်နှာကိုဖုံးဖို့နဲ့ အမည်ကို အပြည့်မဖော်ပြဖို့ သတ်မှတ် ထားပါတယ်။ အဲဒီစစ်သားဟာ ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံကို ပြန်ရောက်လာခဲ့ပြီးဖြစ်ကာ သူ့ရဲ့ စစ်ယူနီဖောင်းပါ ဓာတ်ပုံနဲ့အတူ ရေးသားထားတဲ့ စာမျက်နှာ(၅၀၀)ပါ တရားရေး မှတ်တမ်းမှာ သူဟာ ဂါဇာမှာ ကလေးငယ် ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း အဲဒီစစ်သားက ဒေသတွင်း မီဒီယာတစ်ခုကို ပြောပါတယ်။

အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ကမ္ဘာတစ်ဝန်းက အစ္စရေးဆန့်ကျင်ရေးလှုပ်ရှားသူတွေ ပါဝင်ပတ်သက်တဲ့ အဲဒီလိုဖြစ်စဉ်မျိုးကနေ တပ်ဖွဲ့ဝင်တွေ ဘေးကင်းလုံခြုံစေဖို့ စည်းမျဉ်းသစ်တွေ ချမှတ်တာလို့ ပြောပါတယ်။ စစ်ပွဲမှာ အမှုထမ်းခဲ့တဲ့ အစ္စရေးစစ်သားတွေကို စွဲချက်တင်ဖို့ ကြိုးစားမှုတွေ တိုးပွားလာနေပြီး တရားစွဲဖို့ အားထုတ်မှုတွေဟာ အဆင့်မြင့်အရာရှိတွေတင် မဟုတ်ဘဲ သာမန် စစ်သည်တွေကိုပါ ပစ်မှတ်ထား လာနေတယ်လို့ အစ္စရေး စစ်ဥပဒေချုပ်ဟောင်းက CNN ကို ပြောပါတယ်။