အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအတွင်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ ဦးရေဟာ ၃ ယောက်လောက်သာ ကျန်တော့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါ တယ်။

တက္ကဆက်အလယ်ပိုင်း ကား(ယ်)ကောင်တီနဲ့ အနီးအနားက ခရိုင်တွေမှာ ပြီးခဲ့တဲ့ဇူလိုင် ၄ ရက်က ရုတ်တရက် မုန်တိုင်းတိုက်ခတ်ပြီး မိုးအကြီးအကျယ် ရွာသွန်းတာကြောင့် အချိန် ၄၅ မိနစ်လောက်အတွင်းမှာ မြစ်ရေဟာ ၂၉ ပေလောက်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ လူဦးရေ ၁၆၀ လောက် ပျောက်ဆုံးနေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်သူတွေကို ဆက်တိုက်ရှာဖွေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းအထိ ပျောက်ဆုံးနေသူ ၁၀၀ လောက် ရှိခဲ့ပေမယ့် ဇူလိုင် ၁၉ ရက် နှောင်းပိုင်း အထိ အချက်အလက်တွေအရတော့ ပျောက်ဆုံးသူ ၃ ယောက်လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ ပျောက်ဆုံးသူတွေကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေကြပါတယ်။
ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုမှာ ကလေးငယ်တွေအပါအဝင် လူ ၁၃၅ ယောက်အထိ သေဆုံးခဲ့ပါတယ်။ ဂွာဒါလူပီမြစ်ကမ်းအနီးမှာရှိတဲ့ ခရစ်ယာန် လူငယ်စခန်းက မိန်းကလေးငယ်တွေလည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကားယ်ကောင်တီကို သွားရောက်ခဲ့ပြီး ရေကြီးမှုကြောင့် ထိခိုက်ခဲ့သူတွေကို အားပေးခဲ့ပါတယ်။