ရုရှားထိန်းချုပ်မှုအောက် ရောက်နေတဲ့ ဇာပိုရစ်ရှား နျူဓာတ်အားပေးစက်ရုံအတွင်းက အအေးခံတာဝါဟာ ဖြိုချရှင်းလင်းမှုလုပ်ဖို့ လိုအပ်နေတယ်လို့ အဲဒီကို ရောက်ရှိစစ်ဆေးနေတဲ့ IAEA အကြီးအကဲ ရာဖေးလ် ဂရောဆီ က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အဲဒီအအေးခံ တာဝါဟာ မနှစ်က မီးလောင်မှုဖြစ်ပြီး ပျက်စီးသွားခဲ့တဲ့ တာဝါ ဖြစ်ပါတယ်။
IAEA အကြီးအကဲဟာ ဇာပိုရစ်ရှား နျူဓာတ်အားပေးစက်ရုံကို ပဉ္စမအကြိမ်မြောက် သွားရောက် စစ်ဆေးကြည့်ရှုမှုအတွင်း အခုလို မှတ်ချက်ပြုခဲ့တာပါ။

ဂရောဆီက အဲဒီ အအေးခံတာဝါ အတွင်းပိုင်းထဲမှာ IAEA တာဝန်ရှိသူတွေ စစ်ဆေးနေတဲ့ ဗီဒီယိုကိုလည်း သူရဲ့ X လူမှုကွန်ရက်မီဒီယာ စာမျက်နှာမှာ တင်ခဲ့ပါတယ်။
အရင်ကရော အခုရော တာဝါရဲ့ အခုနေရာထိ ဝင်လို့ရတဲ့အတွက် ပျက်စီးမှုအတိုင်းအတာကို ဆန်းစစ်အကဲဖြတ်မှု ကောင်းကောင်းလုပ်နိုင်တယ်လို့လည်း ဂရောဆီက ပြောပါတယ်။
အဲဒီတာဝါမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ကိစ္စအပေါ် ရုရှားနဲ့ယူကရိန်းတို့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် စွပ်စွဲအပြစ်ဖို့ခဲ့ကြ ပါတယ်။