ရုရှားအနေနဲ့ ဇာပိုရစ်ရှား နျူကလီးယား စက်ရုံထဲက တပ်ဖွဲ့ဝင်တွေနဲ့ တခြားဝန်ထမ်းတွေကို အမြန် ရုပ်သိမ်းပြီး ယူကရိန်းတာဝန်ရှိသူတွေထံ စီမံခန့်ခွဲမှုကို လွှဲပေးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ကြာသပတေး နေ့မှာ မဲခွဲ တောင်းဆိုလိုက်ပါတယ်။

အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃)နိုင်ငံ ရှိတဲ့ UNGA က အဲဒီတောင်းဆိုချက်ကို ထောက်ခံမဲ (၉၃)မဲ ၊ ကန့်ကွက်မဲ (၉)မဲ ၊ ကြားနေမဲ (၆၀) နဲ့ အတည်ပြု ချမှတ်ခဲ့တာပါ။

ဇာပိုရစ်ရှား နျူစက်ရုံဟာ ဥရောပမှာ အကြီးဆုံး နျူစက်ရုံဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ယူကရိန်း အရေးအခင်း ပေါ်ပေါက်တဲ့ နောက်မှာ ရုရှားတပ်တွေက ထိန်းချုပ်ထားခဲ့တဲ့ နေရာပါ။

လက်ရှိမှာ နျူစက်ရုံကို ပိတ်ထားရပေမဲ့ နျူကလီးယားနဲ့ ဆက်စပ်တဲ့ ပစ္စည်းကိရိယာတွေကို အအေးခံထားဖို့နဲ့ အရည်ပျော်ကျမှုကနေ တားဆီးဖို့အတွက် ပြင်ပကနေ ဓာတ်အားပို့လွှတ်မှု လိုအပ်နေတာဖြစ်ပါတယ်။