ဒီမိုကရက်ပါတီ ညီလာခံ တတိယနေ့ညမှာ ဇန်နဝါရီ (၆)ရက် ကွန်ဂရက်လွှတ်တော် စီးနင်းခံရမှုဖြစ်စဉ်ကို ထောက်ပြပြီး ဒီမိုကရေစီကို ကာကွယ်ကြဖို့ ဩဇာကြီး ဒီမိုကရက်ခေါင်းဆောင် နန်စီပယ်လိုစီက ဆော်ဩသွားခဲ့ပါတယ်။
ဇန်နဝါရီ(၆)ရက်နေ့ ဖြစ်စဉ်ဟာ မိမိတို့ရဲ့ ဒီမိုကရေစီစနစ်ဟာ အဲဒီစနစ်ကို လက်ခံယုံကြည် မြတ်နိုးသူတွေရဲ့ သတ္တိနဲ့ တည်ကြည်မှုရှိတဲ့အလျောက် ခိုင်မာအားကောင်းနေတယ် ဆိုတာကို သတိပေးနေတယ်လို့ ပြောသွားပါတယ်။
ဒီအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲစနစ်ကို ယုံကြည်လက်ခံသူနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှုကို လေးစားသူတွေကိုပဲ ရွေးချယ်ကြရမှာဖြစ်ပြီး အဲဒီခေါင်းဆောင်တွေဟာ ဒုသမ္မတ ဟဲရစ်နဲ့ အုပ်ချုပ်ရေးမှူး ဝေါ့(ဇ်) တို့ပဲဖြစ်တယ်လို့ လူထု ပရိတ်သတ်ကို တိုက်တွန်း နှိုးဆော်သွားခဲ့ပါတယ်။

ညီလာခံ တတိယနေ့ညမှာ နာမည်ကြီး ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေး လည်း တက်ရောက်လာခဲ့ရာမှာ ရီပတ်ဘလီကန် ဒုသမ္မတလောင်း ဂျေဒီဗန့်စ်ရဲ့ ကလေးမရှိတဲ့ ကြောင်ချစ်သူ အမျိုးသမီးတွေဆိုတဲ့ မှတ်ချက်စကားအပေါ်မှာ ဝေဖန်ထိုးနှက်မှုတွေ လုပ်သွားခဲ့ပါတယ်။
တစ်သီးပုဂ္ဂလ မဲဆန္ဒရှင်တွေနဲ့ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေအနေနဲ့လည်း ဟဲရစ်ကို ဝန်းရံကြဖို့လည်း တိုက်တွန်းသွားခဲ့ ပါတယ်။
လေးရက်တာကြာမြင့်တဲ့ ဒီမိုကရက်တစ်ပါတီ အမျိုးသားကွန်ဗင်းရှင်း(DNC)ဟာ တတိယမြောက်နေ့ ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့ ကြာသပတေးနေ့မှာ ဒီမိုကရက်တစ်ပါတီရဲ့ ၂၀၂၄ ခုနှစ် သမ္မတလောင်း ကာမာလာဟဲရစ်က မိန့်ခွန်းတစ်ရပ် ပြောကြားသွားမှာဖြစ်ပါတယ်။