ဆူဒန်တပ်မတော် SAF နဲ့ အရန်တပ်ဖွဲ့ဖြစ်တဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ RSF တို့အကြား ၁၅ လကြာစစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ အခုသီတင်းပတ်အတွင်း ဂျီနီဗာမှာ ဆက်လုပ်သွားမယ်လို့ အမေရိကန် အထူး သံတမန် တွမ် ပါရီအဲလိုက ပြောပါတယ်။
သြဂုတ် ၁၂ ရက်က အမေရိကန်အထူးသံရဲ့ ပြောဆိုချက်ထဲမှာတော့ ဆူဒန်တပ်မတော်ကိုယ်စားလှယ် ဒါမှမဟုတ် အစိုးရက ဆွေးနွေးပွဲမှာ ပါဝင်မှာလား ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စစ်ပွဲမှာ ဆူဒန်အစိုးရက တပ်မတော် SAF နဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ မကြာသေးခင်က ကမ်းလှမ်းမှုတွေကို SAF က ရှောင်ရှားခဲ့ပါတယ်။

ဂျီနီဗာ ဆွေးနွေးပွဲဟာ SAF နဲ့ RSF တို့ကို ပေါင်းစည်းဖို့ကြိုးစားနေတဲ့ကာလအတွင်း ပထမဆုံး ကြိုးပမ်းမှု ဖြစ်လာ မှာပါ။ ဇူလိုင်လမှာ အဆိုပြုပြီးနောက် မကြာခင် အမေရိကန်ရဲ့ဖိတ်ကြားချက်ကို RSF က လက်ခံခဲ့ပါတယ်။
စစ်ပွဲကြောင့် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်စေခဲ့ပြီး လူဦးရေ ငါးပုံတစ်ပုံလောက် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်မဲ့ဖြစ်ရကာ အငတ်ဘေးဆိုက်ဖွယ် ရှိနေပါတယ်။
အမေရိကန်နဲ့ ဆော်ဒီအာရေးဗီးယားတို့ ခေါ်ယူခဲ့တဲ့ အရင်ဆွေးနွေးပွဲတွေတုန်းက သဘောတူညီချက် မရရှိဘဲ ပျက်သွားခဲ့ပါတယ်။ RSF ဟာ မြို့တော် ခါတွန် အပါအဝင် ပြည်နယ် မြို့တော် ရှစ်ခုကို သိမ်းပိုက်ခဲ့ပြီး နိုင်ငံအရှေ့တောင်ဘက်ကို ထပ်မံတိုးချဲ့နေပါတယ်။
ဆွေးနွေးပွဲကို ဆော်ဒီအာရေးဗီးယားက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး RSF ကို ပံ့ပိုးပေးထားတဲ့ အီဂျစ်နဲ့ ယူအေအီးတို့လည်း ပါဝင်မယ်လို့ သိရပါတယ်။