ဆူခွိုင်း စူပါဂျက် ခရီးသည်တင်လေယာဉ်တစ်စင်း မော်စကိုဒေသမှာ ဇူလိုင် ၁၂ ရက်က ပျက်ကျခဲ့ပြီး အမှုထမ်း သုံးယောက် သေဆုံးခဲ့တယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လေယာဉ်ဟာ ခိုလွမ်နာမြို့ နားက တောအုပ်ထဲ ပျက်ကျခဲ့တာလို့ သိရပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ရုရှားနိုင်ငံပိုင် United Aircraft Corporation (UAC)က ထုတ်လုပ်ပြီး ဓာတ်ငွေ့ ကုမ္ပဏီကြီး ဂက်ဇ်ပရွမ်ပိုင် လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ ပြုပြင်မှုအပြီးမှာ စမ်းသပ်ပျံသန်းစဉ် ပျက်ကျခဲ့ တာလို့ ဆိုပါတယ်။

အဲဒီလေယာဉ်မှာ ပြင်သစ်-ရုရှား ဖက်စပ်ထုတ် အင်ဂျင်တွေ တပ်ဆင်ထားပါတယ်။ ရုရှား လေကြောင်းလိုင်းတွေဟာ ၂၀၂၂ ခုနှစ်မှာ အနောက်နိုင်ငံ တွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ စတင်လာကတည်းက လေယာဉ်အပိုပစ္စည်းတွေ တင်သွင်းဖို့ ရုန်းကန်နေရတာပါ။ UAC ဟာ ဆူခွိုင်း စူပါဂျက်အတွက် အပြည့်အဝ သွင်းကုန်အစားထိုး ဗားရှင်းကို တီထွင်နေပေမယ့် ထုတ်လုပ်မှု မစတင်သေးပါဘူး။
စစ်အေးခေတ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံးသော ခရီးသည်တင်လေယာဉ်အဖြစ် ၂၀၀၈ ခုနှစ် မှာ စတင် မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း အခုပျက်ကျမှုဟာ ဆူခွိုင်း စူပါဂျက်ရဲ့ တတိယမြောက် ပျက်ကျမှုဖြစ်ပါ တယ်။ အင်ဒိုနီးရှားမှာလည်း ဆူခွိုင်း စူပါဂျက် သရုပ်ပြပျံသန်းစဉ် ပထမဆုံး ပျက်ကျမှုမှာ လူ ၄၅ ယောက် သေဆုံး ခဲ့ပါတယ်။ ဒုတိယ ပျက်ကျမှုက မော်စကိုမြို့ ရှီရီမက်ယီဗိုလေဆိပ်အဆင်းမှာဖြစ်ပြီး ၄၁ ယောက် သေဆုံးခဲ့ပါ တယ်။