ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ် သူပုန်တွေ လက်ထဲ ကျသွားပြီးနောက် သမ္မတ ဘာရှာ အယ်လ် အာဆတ် နဲ့ မိသားစုဟာ မော်စကိုမြို့တော်ကို ထွက်ပြေးခိုလှုံလာတယ်လို့ ရုရှားအစိုးရပိုင်မီဒီယာက သတင်းထုတ်ပြန်ပါ တယ်။

ရုရှားဟာ အာဆတ်အစိုးရဲ့ အဓိကကျတဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး အာဆတ်နဲ့ မိသားစုဟာ ရုရှားမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိထားကြောင်း သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဘီဘီစီက တနင်္လာနေ့မှာ ဖော်ပြပါ တယ်။ သူပုန်အုပ်စု(HTS)ဟာ အခုအပတ် စနေ၊တနင်္ဂနွေနေ့တွေမှာ ဒမတ်စကပ်မြို့တော်ကို ထိုးဖောက် ဝင်ရောက်လာအပြီး အာဆတ် ထွက်ပြေးခဲ့ရတဲ့နောက် (HTS) သူပုန်ခေါင်းဆောင် အဘူ မိုဟာမက် ဂျော်လာနီက ဒမတ်စကပ်မြို့တော်က ဗလီတစ်ခုမှာ အောင်ပွဲခံ မိန့်ခွန်း တစ်ခုကို ပြည်သူတွေဆီ ပြောကြားခဲ့ပါတယ်။

ဒမတ်စကပ်မြို့တော်လမ်းတွေမှာ ဆီးရီးယား ပြည်သူတွေ အောင်ပွဲခံနေကြတာကို မြင်တွေ့ရသလို အာဆတ် အစိုးရ ပြုတ်ကျတဲ့အပေါ် ကမ္ဘာတစ်လွှားက ဆီးရီးယားပြည်သူတွေဟာလည်း အောင်ပွဲခံခဲ့ကြပါတယ်။

ဒမတ်စကပ်မြို့တော်မှာ ပေါက်ကွဲသံတွေကိုလည်း ကြားနေရပြီး အတည်ပြုလို့ မရတဲ့သတင်းတွေအရ အစ္စရေး ဟာ ဒမတ်စကပ်ထဲက ပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီသတင်း တွေအပေါ် အစ္စရေးနိုင်ငံက မှတ်ချက်ပေးတာမျိုး မရှိပါဘူး။