ဆီးရီးယားနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခအတွင်း လူသေဆုံးမှု အရေအတွက်က ၁၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ဆီးရီးယားသမ္မတဟောင်း အာဆက်ကို သစ္စာခံနေဆဲဖြစ်တဲ့ တိုက်ခိုက်ရေးသမားအချို့က လက်ရှိအစိုးရတာဝန်ယူထားတဲ့ အာမက်အယ်ရှားရားရဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ မတ်လ ၆ ရက်မှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပဋိပက္ခ စတင်လာတာပါ။

ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ ဆီးရီးယားလုံခြုံရေး တပ်ဖွဲ့တွေက ကမ်းရိုးတန်း ဒေသတစ်လျှောက်မှာ နေထိုင်ကြတဲ့ အာလာဝိုက် အရပ်သား ရာနဲ့ချီကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။အာလာဝိုက်လူမျိုးစုတွေဟာ ဆီးရီးယားသမ္မတဟောင်း အာဆက်ကို ထောက်ခံတဲ့ အသိုင်းအဝိုင်းဖြစ်ပြီး လက်ရှိမှာတော့ အာလာဝိုက် ရာနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၇၄၅ ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် လက်ရှိ ဆီးရီးယားအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂၅ ဦးနဲ့ အာဆက်လိုလားတဲ့ တိုက်ခိုက်ရေးသမား ၁၄၈ ဦးလည်း သေဆုံးခဲ့တယ်လို့ SOHR ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

SOHR ရဲ့ ကိန်းဂဏန်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးဘူးလို့ သတင်းဌာနအများစုက ထည့်သွင်းဖော်ပြပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အာဆက်အစိုးရကို ဖြုတ်ချခဲ့ပြီးတဲ့နောက်ပိုင်း အဆိုးရွားဆုံး ပဋိပက္ခလည်း ဖြစ်ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆီးရီးယားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုအားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ရန်လိုမှုတွေ ရပ်တန့်ဖို့အတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို တောင်းဆိုထားပါတယ်။