ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကားတစ်စီး ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ဓားထိုးမှုတစ်ခုဖြစ်ခဲ့ရာမှာ ရဲအရာရှိတစ်ယောက် အပါအဝင် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ဩစတြေးလျတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီဓားထိုးတိုက်ခိုက်မှုဟာ ဆစ်ဒနီမြို့ တောင်ပိုင်းက အန်ဂါဒင်း ဆင်ခြေဖုံးရပ်ကွက်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။ ကားတစ်စီးအတွင်း ရုန်းဆင်းဆန်ခတ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲဒီကားက တခြားကား တစ်စီးကို တိုက်မိရာကနေ ပေါ်ပေါက်လာတာလို့ ပြောပါတယ်။
ဖြစ်စဉ်အတွင်း သေဆုံးသူတော့ မရှိခဲ့ပါဘူး။ အဲဒီဓားထိုးတိုက်ခိုက်သူဟာ ကတ္ထူစက္ကူ လှီးတဲ့ဓားကို ကိုင်ဆောင်ထားပြီး ဖြစ်စဉ်အပြီးမှာ သူ့ကို ဒဏ်ရာတွေနဲ့ အတူ လက်ရဖမ်းဆီးထိန်းသိမ်းလိုက်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြို့ခံလူဦးရေ ငါးသန်းနေထိုင်တဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အခုနှစ်ထဲ ဓားထိုးတိုက်ခိုက်မှုဖြစ်စဉ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားနေခဲ့တာကြောင့် နယူးဆောက်ဝေးလ်ပြည်နယ်အစိုးရက ဓားလက်နက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေ အဆင့်မြှင့်တင် တင်းကျပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲကလည်း ပြည်နယ်ပါလီမန်က ရဲတပ်ဖွဲ့ကို စျေးဝယ်စင်တာတွေ၊ အားကစား ခန်းမတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း စတဲ့ နေရာတွေမှာ ကြိုတင် အသိပေးချက်မလိုဘဲ သတ္တုရှာဖွေရေးစက်တွေနဲ့ ရှာဖွေမှုတွေ လုပ်ခွင့်ပေးတဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။