ပြီးခဲ့တဲ့သီတင်းပတ်က ထွက်ရှိပြီး နောက်တစ်ရက်မှာပဲ မျောက်မင်း စွန်းဝူခုန်း ပါဝင်တဲ့ Black Myth: Wukong ကွန်ပျူတာဂိမ်းကို အဓိကအွန်လိုင်းဂိမ်း ပလက်ဖောင်းတစ်ခုကနေ တစ်ပြိုက်နက်ကစားသူ ၂ ဒသမ ၂ သန်း ရှိခဲ့ပါတယ်။
၁၆ ရာစု တရုတ်ဂန္ထဝင် အနောက်သို့ခရီးသွားမှတ်တမ်းဝတ္ထုကို ဆီလျော်အောင် ပြန်ဆိုထားတဲ့ ဒဏ္ဍာရီလာ မှော်ဆန်တဲ့ဂိမ်းဟာ နိုင်ငံတကာမှာ ကျော်ကြားနေပြီး တရုတ်ဗီဒီယိုဂိမ်းလောကအတွက် ထိုးဖောက် အောင်မြင်မှုတစ်ရပ် ဖြစ်လာပါတယ်။
နတ်ဆိုးတွေရန်က အကာအကွယ်ပေးတဲ့ စွန်းဝူခုန်းနဲ့ တခြား တပည့် နှစ်ယောက် လိုက်ပါပြီး အိန္ဒိယကို ကျမ်းစာပင့်ဆောင်ဖို့ သွားရောက်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တန်ဆန်းဇန်ရဲ့ ခရီးစဉ်ဇာတ်လမ်းအပေါ်မှာ လက်ရာမြောက်စွာ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။

အနောက်တိုင်းဂိမ်းကစားသူတွေ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း ပိုမိုသိရှိလာစေဖို့ တွန်းအားပေးမယ်လို့ တရုတ်အစိုးရမီဒီယာက ပြောဆိုခဲ့ပြီး ဂန္ထဝင်ဇာတ်လမ်းကို ကစားသမားတွေ ရင်းနှီးမှသာ ဂိမ်းကိုနှစ်သက်နိုင်မယ်လို့ ဆိုပါတယ်။
Tencent ကုမ္ပဏီ နောက်ခံပြုထားပြီး Game Science က ထုတ်လုပ်ခဲ့တဲ့ Black Myth: Wukong ဂိမ်းဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး AAA အဆင့်ရှိ ဗီဒီယိုဂိမ်း ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးစရိတ်မြင့်မားမှု၊ ထုတ်လုပ်မှုစက်ဝန်း ရှည်လျားမှု၊ မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ဖန်တီးထားတဲ့ဂိမ်းဟာ ရုတ်တရက်ကျော်ကြားမှုနဲ့ လူကြိုက်များမှုတို့က တရုတ်နိုင်ငံရဲ့ ကွန်ပျူတာနဲ့ ဂိမ်းစက်ကဏ္ဍအတွက် လွှမ်းမိုးမှုအမှတ်တစ်ခုအဖြစ် သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။