အခုနှစ်အတွက် အာရှတိုက်ရဲ့ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း ယာဂိဟာ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် ကုန်းတွင်းပိုင်းကို စက်တင်ဘာ ၆ ရက် က ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းလို့ စာသင်ကျောင်းတွေ ပိတ်ထားရပြီး တောင်တရုတ်ပင်လယ် ဒေသမှာ လေယာဉ်ပျံသန်းမှုတွေကို ဖျက်သိမ်းခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်မြောက်ပိုင်းမှာ လူ ၁၆ ဦး သေဆုံးစေပြီးနောက်ပိုင်း ခွန်အားနှစ်ဆကျော် တိုးလာတဲ့ ယာဂိဟာ ဟိုင်နန်ကျွန်းက ဝန်ချန်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းဗဟိုချက်အနီးမှာ တစ်နာရီကို အမြင့်ဆုံးလေတိုက်နှုန်း ၁၄၅ မိုင်နဲ့ တိုက်ခတ်တဲ့ ယာဂိဟာ ၂၀၂၄ ခုနှစ်မှာ အခုအချိန်ထိ ကမ္ဘာ့ဒုတိယအားအပြင်းဆုံး အပူပိုင်းဆိုင်ကလုန်းအဖြစ် စာရင်းဝင်ပါတယ်။
အားအပြင်းဆုံးကတော့ ပစိဖိတ်မှာ တိုက်ခတ်ခဲ့တဲ့ အဆင့် ၅ အတ္တလန္တိတ်ဟာရီကိန်း ဘာရယ်လ် ဖြစ်ပါတယ်။
ဟာဂိဟာ ၂၀၁၄ ခုနှစ်မှာ ဟိုင်နန်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အဆင့်ငါး အပူပိုင်းမုန်တိုင်း ရမ်မာဆွန်နောက်ပိုင်း အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်ပါတယ်။
ရမ်မာဆွန်ကြောင့် ဟိုင်နန်၊ ကွမ်တုံ၊ ကွမ်ရှီးနဲ့ ယူနန်ပြည်နယ်တို့မှာ လူ ၈၈ ဦး သေဆုံးခဲ့ပြီး ဒေါ်လာ ၆ ဒသမ ၂၅ ဘီလီယံကျော်ဖိုး စီးပွားရေး ဆုံးရှုံးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်က စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်ကို အားကောင်းလာတဲ့မုန်တိုင်းအမည် ယာဂိ ဆိုတာဟာ ဂျပန်ဘာသာအရ ဆိတ်နဲ့ ကာပရီကွန်းနပ်စ် ကြယ်စင်စုလို့ အဓိပ္ပါယ်ရပြီး ဒဏ္ဍာရီလာ ဆိတ်တစ်ပိုင်း ငါးတစ်ပိုင်းသတ္တဝါကို ရည်ညွန်းတာဖြစ်ပါတယ်။