United Healthcare ကုမ္ပဏီ စီအီးအို ဘရိုင်ယန်း သွန်ဆင် ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းဖို့ ရဲက အလိုရှိနေတဲ့ မျက်နှာဖုံးတပ်မထားတဲ့ လူတစ်ယောက်ရဲ့ ဓာတ်ပုံအသစ်တွေကို နယူးယောက်ရဲတပ်ဖွဲ့(NYPD)က ကြာသပတေးနေ့မှာ ထုတ်ပြန်လာပါတယ်။

အသက်(၅၀)အရွယ် ဘရိုင်ယန်း သွန်ဆင်ဟာ ဗုဒ္ဓဟူးနေ့ မနက်ခင်းက မန်ဟန်တန်မြို့လယ်ကောင် ဟီလ်တန်ဟိုတယ်အပြင်မှာ သေနတ်သမားရဲ့ အသံတိတ်သေနတ်နဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရပါတယ်။ သေနတ်သမားဟာ ပစ်ခတ်မှုအပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတာပါ။

အခု ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းဖို့ အလိုရှိနေတဲ့ မျက်နှာဖုံး တပ်မထားတဲ့ အမျိုးသားဟာ မန်ဟန်တန်ထဲက ဟိုတယ်တစ်ခုမှာ ID နံပါတ်အတုနဲ့ အခန်းငှားခဲ့ဖွယ်ရှိတယ်လို့ ယူဆထားပါတယ်။ အဲဒီ အမျိုးသားဟာ ပစ်ခတ်မှုမတိုင်ခင် (၁၀)ရက်အလိုမှာ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာကနေ နယူးယောက်ကို ဘတ်စကားနဲ့ လာခဲ့ဖွယ်ရှိတယ်လို့တယ်လို့လည်း ယူဆထားပါတယ်။

အဲဒီအမျိုးသားနဲ့ သေနတ်သမားဟာ တစ်ယောက်တည်းလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပစ်ခတ်မှု မဖြစ်ခင်မှာ သေနတ် သမားကို စတားဘတ်ခ် ကော်ဖီဆိုင်အနီးမှာ စောင့်ကြည့် ကင်မရာကနေ ဓာတ်ပုံရယူနိုင်ခဲ့ရာမှာ မျက်နှာကို တစွန်းတစ တွေ့ခဲ့ရတဲ့အတွက် မျက်နှာစိစစ်တဲ့နည်းပညာနဲ့ ဖော်ထုတ်နိုင်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းနေ ပါတယ်။

အခင်းဖြစ်ပွားရာမှာ ကျန်ခဲ့တဲ့ ကျည်ခွံပေါ်မှာလည်း deny ၊ defend ၊ depose ဆိုတဲ့ စကားလုံးတွေ တွေ့ရှိရပြီး ဒါဟာ ကျန်းမာရေးအာမခံလုပ်ငန်းကို ဆန့်ကျင်သူတွေ သုံးစွဲတဲ့ 3D ဆိုတဲ့ စကားရပ်နဲ့ တိုက်ဆိုင်နေ တယ်လို့ ဆိုပါတယ်။ United HealthCare ကျန်းမာရေးအာမခံကုမ္ပဏီ စီအီးအို ဘရိုင်ယန်း သွန်ဆင်ကို ပစ်ခတ် သတ်ဖြတ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ရဲတွေက စုံစမ်းနေဆဲဖြစ်ပါတယ်။