ရုရှားနဲ့ဖြစ်နေတဲ့ စစ်ကို ရပ်တန့်အောင် အိန္ဒိယအနေနဲ့ ကူညီပေးနိုင်စွမ်းရှိတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ သောကြာနေ့က တွေ့ဆုံမှု အပြီးမှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံဟာ သမ္မတ ဗလာဒီမာပူတင်ကို ဖိအားပေးဖို့အတွက် အိန္ဒိယရဲ့ ဩဇာနဲ့ အင်အားကို အသုံးချပြီး ရုရှားရဲ့ စီးပွားရေးကို ဆုတ်ဆိုင်းသွားအောင် လုပ်နိုင်ကြောင်းနဲ့ ဒါဟာ စစ်ရပ်တန့်ရေးအတွက် အိန္ဒိယက လုပ်ပေးနိုင်တဲ့အချက် ဖြစ်တယ်လို့ ဇယ်လန်းစကီးက ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် တစ်ယောက်ရဲ့ အခုခရီးစဉ် ဟာ ယူကရိန်း ခေတ်သစ်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရုရှားရဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့တဲ့ ထိုးစစ် ကြောင့် နှစ်ဖက် စစ်မြေပြင်မှာ လိပ်ခဲတည်းလည်း အနေအထား ရောက်ရှိနေချိန် ပေါ်ပေါက်လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
ယူကရိန်းဘက်က စစ်ကို ယူကရိန်းရဲ့ စည်းကမ်းသတ်မှတ်ချက် ဘောင်တွေထဲကနေသာ ရပ်တန့်ဖို့ လိုလားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုနှစ်ကုန်ပိုင်းလောက်မှာ ရုရှားကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဒုတိယမြောက် နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ပေါ်ပေါက်လာဖို့ကိုလည်း ယူကရိန်းနိုင်ငံက တွန်းအားပေး နှိုးဆော်နေပါတယ်။