ရုရှား-ယူကရိန်း စစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ရုရှားတို့ နှစ်နိုင်ငံတည်းက ချမှတ်တဲ့ သဘောတူညီချက်ကို လက်မခံကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားလိုက်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားသမ္မတပူတင်နဲ့ မိနစ် ၉၀ ကြာ ဖုန်းခေါ်ဆိုမှုအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲအဆုံးသတ်ဖို့အတွက် ဆော်ဒီအာရေးဗီးယားမှာ ရုရှားခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ မျှော်လင့် ထားတယ်လို့ သိရပါတယ်။၃ နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး ယူကရိန်း မပါဘဲ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံတည်းက ဆုံးဖြတ်ပြီး ချမှတ်တဲ့ ဘယ် သဘောတူညီချက်မျိုးကိုမဆို ယူကရိန်းဘက်က လက်ခံမှာ မဟုတ်ဖူးလို့ ယူကရိန်းသမ္မတက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။

လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ယူကရိန်းအတွက် ကိုယ့်နိုင်ငံ မပါဝင်တဲ့ ဘယ်သဘောတူညီချက်မျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတက မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်ဖို့အသွား သတင်းထောက် တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံ တည်းကချမှတ်တဲ့ သဘောတူညီချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ရုရှားသမ္မတ နှစ်ဦးစလုံးနဲ့အတူ ဆွေးနွေးလို ကြောင်းလည်း ယူကရိန်းသမ္မတက ပြောကြားထားပါတယ်။