ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တော်မှာ အမေရိကန်နဲ့ ရုရှားတို့ တွေ့ဆုံပြီးတဲ့နောက် ယူကရိန်းသမ္မတ ဇာလန် စကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲနဲ့ ပတ်သက်လို့ အပြစ်ဖို့ စကားတွေ ပြောဆိုလာပါတယ်။ စစ်ပွဲကို စတင်ခဲ့သူအဖြစ် ယူကရိန်းကို ထရမ့်က စွပ်စွဲဝေဖန်ခဲ့ပြီး ယူကရိန်းရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေအပေါ် စိတ်ပျက်ရတယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး ယူကရိန်းအနေနဲ့ သဘောတူညီချက်တစ်ခုကို ရယူခဲ့သင့်တယ် လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ ရီယာ့ဒ်မှာ ကျင်းပခဲ့တဲ့ ယူကရိန်းအရေးဆွေးနွေးမှုမှာ သူ့ကို ဖိတ်မကြားခဲ့တဲ့ အတွက် အံ့အားသင့်ခဲ့ရကြောင်း ဇာလန်စကီးက တုံ့ပြန်ထားပါတယ်။ ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားရဲ့ အင်ပြည့်အားပြည့် ဝင်ရောက်တိုက်ခိုက်မှုနဲ့အတူ စတင်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ဆွေးနွေးပြီးနောက် မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလပ်(ဖ်)ရော့က ဘယ်လို ငြိမ်းချမ်းရေးစာချုပ်အောက်မှာမှ ယူကရိန်းမှာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ တပ်တွေ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအတွက် တပ်စွဲတာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ရုရှားဝန်ကြီး လပ်(ဖ်)ရော့ရဲ့ အဲဒီမှတ်ချက်ထွက်လာတဲ့နောက်မှာ ထရမ့်က ယူကရိန်းကို အခုလို စွပ်စွဲတိုက်ခိုက်တာတွေ လုပ်လာတာပါ။ ရီယာ့ဒ်ဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် စေ့စပ်ညှိုနှိုင်းရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ အမေရိကန်နဲ့ ရုရှားတို့ သဘောတူမှုရခဲ့ကြပါတယ်။