ပြည်တွင်းစစ်ဖြစ်ပွားနေတာ ရက်ပေါင်း ၅၀၀ ကြာမြင့်လာတဲ့ ဆူဒန်နိုင်ငံရဲ့ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ဆည်တစ်ခု ကျိုးကျခဲ့ပြီး လူအများအပြား သေဆုံးကာ ရွာငါးရွာ ပျက်စီးခဲ့ပါတယ်။
ပို့တ်ဆူဒန်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၇၀ အကွာက အာဘက် ရေကာတာဟာ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းပြီးနောက် ရက် အတန်ကြာမှာ ပြိုကျခဲ့တာပါ။
ဆူဒန်ရဲ့ ဆည်မြောင်းနဲ့ လမ်းတံတားတွေဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ခဲ့တဲ့ ဆူဒန်စစ်တပ်နဲ့ အရန်ပြည်သူ့စစ်အဖွဲ့တို့ရဲ့ စစ်ပွဲကြောင့် ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်နိုင်ဘဲ တာရှည်ပစ်ထားခဲ့ရလို့ ယိုယွင်းနေပါတယ်။

စစ်ပွဲဟာ အစိုးရရဲ့ အရင်းအမြစ်အားလုံးကို တိုက်ပွဲတွေဆီမှာ ကုန်ခန်းစေခဲ့ပြီး တခြား အစိုးရလုပ်ငန်းတွေအတွက်လည်း ရန်ပုံငွေ အနည်းငယ်သာ ကျန်ရှိစေခဲ့ပါတယ်။
ဆည်ကျိုးမှုကြောင့် ဒေသခံ ရွာသားတွေဟာ တောင်တွေပေါ် တက်ပြေးကြပြီး တချို့ကတော့ အဲဒီနေရာမှာပဲ သောင်တင်နေကြတယ်လို့ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်က ပြောပါတယ်။
ဆည်ဟာ အစိုးရနဲ့ အကူအညီပေးရေး အေဂျင်စီတွေ အခြေစိုက်ရာ ဆိပ်ကမ်းအတွက် အဓိက ရေအရင်းအမြစ်ဖြစ်ပြီးတော့ မြို့တော်ခါတွန်ရဲ့ နေရာ အများစုကို အရန်တပ်ဖွဲ့က သိမ်းယူပြီးနောက်ပိုင်း သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ မှီခိုနေထိုင်ရာနေရာ ဖြစ်ပါတယ်။