စစ္စလီကျွန်းမြို့တော် ပါလာမိုကမ်းလွန်မှာ သြဂုတ် ၁၉ ရက်က ဇိမ်ခံရွက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီးတဲ့နောက် အလောင်းတစ်လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး ၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ ဗြိတိသျှ နည်းပညာစွန့်ဦးလုပ်ငန်းရှင် မိုက်လန့်ချ်နဲ့ ဆယ်ကျော် သက်သမီးတို့ ပါဝင်ပြီး လန့်ချ်ရဲ့ဇနီးကတော့ ကယ်တင်နိုင်ခဲ့သူတွေထဲ ပါဝင်တယ်လို့ ယူကေမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အရှည် ၅၆ မီတာ ရှည်လျားတဲ့ ဘေရီရှန် ဇိမ်ခံရွက်လှေဟာ နေထွက်ချိန်မှာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လိုက်ပါလာတဲ့လူ ၂၂ ယောက်နဲ့အတူ နစ်မြုပ်ခဲ့ကြောင်း အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် လူ ၁၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ ပြီး ၈ ယောက်ကို ဒေသဆိုင်ရာ ဆေးရုံတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီလူတွေအားလုံး တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
နစ်မြုပ်သွားတဲ့ရွက်လှေကို ၂၀၀၈ ခုနှစ် မှာ အီတလီ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း ပီရီနီက တည်ဆောက်ခဲ့တာပါ။
အလူမီနီယမ်ကိုယ်ထည်နဲ့ ရွက်လှေဟာ အမြင့်ဆုံး နော်တီကယ် ၁၅ မိုင် အမြန်နှုန်းထိ မောင်းနှင်နိုင်ပါတယ်။
ရွက်လှေဟာ သြဂုတ် ၁၄ ရက် က စစ္စလီဆိပ်ကမ်း၊ မီလာဇိုက ထွက်ခွာခဲ့ပြီး သြဂုတ် ၁၈ ရက်မှာ ပါလာမို အရှေ့ဘက်ကို သွားနေကြောင်း နောက်ဆုံးခြေရာခံမိတယ်လို့ သင်္ဘောခြေရာခံအက်ပ် Vesselfinder အရ သိရပါတယ်။