စင်ကာပူနိုင်ငံဟာ ဂျာမနီလုပ် အဆင့်မြင့် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောနှစ်စင်းကို စက်တင်ဘာ ၂၄ ရက်က တပ်တော်ဝင် တာဝန်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

စင်ကာပူအတွက် ပဉ္စမနဲ့ ဆဋ္ဌမမြောက် ရေငုပ် သင်္ဘောတွေဖြစ်တဲ့ Invincible (အင်ဗင်းစဘဲလ်) နဲ့ Impeccable (အင်ပက်ကဘဲလ်)တို့ကို ဂျာမနီကုမ္ပဏီ တစ်ခုကနေ ယူရို ၁ ဘီလီယံတန် စာချုပ်နဲ့ ၂၀၁၃ ခုနှစ်က မှာယူခဲ့တာပါ။

စင်ကာပူမှာ ရှိပြီးသားဖြစ်တဲ့ Archer (အာ့ချာ)နဲ့ Challenger(ချဲလန့်ဂျာ) အတန်းအစား ရေငုပ်သင်္ဘောအဟောင်းတွေနဲ့ ပူးပေါင်း တာဝန်ထမ်းဆောင် တော့မှာ ဖြစ်ပါတယ်။ သင်္ဘောသားအနည်းငယ်ပဲ အသုံးပြုစရာလိုတဲ့ ရေငုပ်သင်္ဘောအသစ်တွေက စင်ကာပူ ရေတပ်အတွက် နည်းပညာဆိုင်ရာ ခြေလှမ်းသစ်တစ်ရပ်ကို ကိုယ်စားပြုပြီး ကမ်းစပ်က ဝေးကွာစွာ သွားလာနိုင်တဲ့ ဒေသတွင်း အဆိတ်ငြိမ်ဆုံး သင်္ဘောတွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရေငုပ်သင်္ဘောတွေ တာဝန်ပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ် လောရန့်စ်ဝန်က ပင်လယ်ရေပိုင်နက်ရှိတဲ့ စင်ကာပူရဲ့ ရှင်သန် မှုနဲ့ သာယာဝပြောရေးဟာ ပင်လယ်ပြင်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နဲ့ ပင်လယ်လမ်းကြောင်းတွေ ပွင့်လင်းလုံခြုံစေဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
Invincible အတန်းအစား ရေငုပ်သင်္ဘောတွေဟာ အရှည် မီတာ ၇၀၊ တန်ချိန် ၂၂၀၀ ရှိပြီး အလိုအလျောက်စနစ်တွေ တပ်ဆင်ထားလို့ ဝန်ထမ်း ၂၈ ယောက်သာ လိုအပ်ပါ တယ်။
ဒါ့အပြင် ရေငုပ်သင်္ဘောနှစ်စင်းစလုံးမှာ အမျိုးသမီးအရာရှိတွေ ပထမဆုံးအကြိမ် ပါဝင်တာဝန်ထမ်းဆောင် မယ်လို့ သိရပါတယ်။
သေးငယ်ပေမယ့် ရေငုပ်သင်္ဘောတွေမှာ အားကောင်းတဲ့ တော်ပီဒိုတွေ တပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ လေ-အမီအခိုကင်းတဲ့တွန်းကန်အားနဲ့ လောင်စာဆဲလ်တွေကို အသုံးပြုထားတယ် လို့ ဆိုပါတယ်။