သမ္မတ ဂျိုးဘိုင်ဒန်က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုး ပွဲမှာ သူ အလွန်စိတ်ရှုပ်ထွေးပြီး စိုးရိမ်ခဲ့ရတယ်လို့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဝန်ခံခဲ့ပါတယ်။

ဇူလိုင် ၄ ရက် မနက်က ထုတ်လွှင့်တဲ့ WURD ရေဒီယိုအင်တာဗျူးမှာ ဘိုင်ဒန်က သမ္မတအနေနဲ့ အမေရိကန်လူမည်းတွေအတွက် ပေးပို့တဲ့မှတ်တမ်းအကြောင်း ပြောဆိုခဲ့ရင်း မကြာခဏဆိုသလို စကားထစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည် တုံ့ဆိုင်းကျဆင်းခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေ စိုးရိမ်ပူပန်ရတဲ့ အကြောင်းရင်း ရှိမရှိကို မေးမြန်းရာမှာ ဘိုင်ဒန်က သူ စိတ်ပင်ပန်းနေတယ်လို့ ဝန်ခံခဲ့တာပါ။
အခြေအတင်ပြောဆိုမှု ဆိုးရွားခဲ့ပေမယ့် သမ္မတအဖြစ် သုံးနှစ်ခွဲကြာအောင် လုပ်ခဲ့တာတွေကို ဒီကိစ္စကြောင့် ဖျက်မပစ်သင့်ဘူးလို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အတ္တလန္တာမှာ စကားစစ်ထိုးပြီးနောက် သဘောထား စစ်တမ်းတွေမှာ ဘိုင်ဒန်ရဲ့ရပ်တည်မှု အနည်းငယ် ထိခိုက်သွားပေမယ့် ရိုက်တာရဲ့စစ်တမ်းအသစ်အရ ဘိုင်ဒန်နဲ့ ထရမ့်တို့အပေါ် လူကြိုက်များမှုဟာ နီးကပ်နေဆဲဖြစ်ကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။
အသက် ၇၈ နှစ် အရွယ် ထရမ့်နဲ့ ၈၁ နှစ်အရွယ် ဘိုင်ဒန်တို့ဟာ အင်္ဂါနေ့က ပြီးဆုံးခဲ့တဲ့ နှစ်ရက်ကြာ စစ်တမ်းမှာ စာရင်းသွင်းထား တဲ့ မဲဆန္ဒရှင်တွေအကြား ထောက်ခံမှု ၄၀ % စီ ရရှိခဲ့ကြပါတယ်။ ဇွန်လ ၁၁-၁၂ ရက်က ပြုလုပ်ခဲ့တဲ့ ရိုက်တာ စစ်တမ်းတစ်ခုမှာတော့ ဘိုင်ဒန်က ၂ ရာခိုင်နှုန်းအသာနဲ့ ဦးဆောင်နေပြီး ၄၁ % နဲ့ ၃၉ % အသီးသီး ရှိခဲ့တယ်လို့ သိရပါတယ်။