အာဂျင်တီးနားရဲ့ အတ္တလန္တိတ် ကျွန်းဆွယ်က ကမ်းရိုးတန်းတွေကို သူတို့ရဲ့ သဘာဝအလှအတွက် ကမ္ဘာ့ အမွေအ နှစ်နေရာအဖြစ် သတ်မှတ်ကြေညာခဲ့တဲ့နောက် ရပ်နားသွားတဲ့ ငါးဖမ်းလုပ်ငန်းအမှိုက်တွေ စုပုံလာခဲ့ပါတယ်။
တောင်လိုပုံနေတဲ့ ပလတ်စတစ်အမှိုက်တွေက ပါတာဂိုနီအာက ဗါလ်ဒိစ် ကျွန်းဆွယ်ကမ်းရိုးတန်းတစ်လျှောက် ဖုံးလွှမ်းနေပြီး ပင်လယ်ခြင်္သေ့တွေ၊ ငါးတွေ၊ ပင်ဂွင်းတွေနဲ့ ဝေလငါးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ကာ လူ့ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
ဗျူနိုအေရိစ်တောင်ဘက် ကီလိုမီတာ ၁၀၀၀ အကွာက ဗာလ်ဒိစ် ကျွန်းဆွယ်ဟာ ခရီးသွားနေရာနဲ့ အဏ္ဏဝါနို့တိုက်သတ္တဝါ ထိန်းသိမ်းရေးနေရာလည်း ဖြစ်ပါတယ်။
ပီကို ဆာယာဂို ကမ်းခြေက ပလတ်စတစ်အမှိုက်ပုံတွေကြားမှာ တိရစ္ဆာန်အသေကောင်တွေ ဆွေးမြေ့နေပါတယ်။
ကမ်းခြေမှာ ပလတ်စတစ်တွေ ပြိုကွဲမှုကြောင့် ရေရှည်စိုးရိမ်စရာ ရှိနေတယ်လို့ အမျိုးသားသိပ္ပံသုတေသနအဖွဲ့အစည်း CONICET(ကိုနီဆက်)က ဇီဝဗေဒပညာရှင်တစ်ယောက်က ပြောပါတယ်။
ရေစီးကြောင်းတွေနဲ့ နေကြောင့် ဒါမှမဟုတ် အချိန်ကြာလာတာကြောင့် ပလတ်စတစ်တွေဟာ မိုက်ခရိုပလတ်စတစ်တွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
မိုက်ခရိုပလတ်စတစ်တွေကို အဏ္ဏဝါသက်ရှိတွေက စားသုံးလာနိုင်ပြီး နောက်ပိုင်းမှာ လူသားတွေ ဗိုက်ထဲပါ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
သုတေသနတွေ့ရှိချက်တွေအရ ကုမ္ပဏီတွေနဲ့ အစိုးရတွေဟာ ပလတ်စတစ် စွန့်ပစ်မှုကို ရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုမရှိရင် သမုဒ္ဒရာတွေအတွင်းကို ပလတ်စတစ် အမှိုက်တွေ စီးဝင်ပြီး ပင်လယ်ရေနေသတ္တဝါတွေရဲ့ အသက်အန္တရာယ် သုံးဆတိုးလာနိုင်တယ်လို့ သိရပါတယ်။