အစ္စရေးစစ်တပ်က အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ သံတံတိုင်းလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ဆင်နွှဲလိုက်ရာမှာ ကလေးငယ်တစ်ယောက် အပါအဝင် အနည်းဆုံး ပါလက်စတိုင်း (၁၀)ယောက် သေဆုံးခဲ့ပါ တယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု က ဂျဲနင်မြို့မှာ အကြီးစား စစ်ဆင်ရေးတစ်ရပ် စတင်ကြောင်း ကြေညာ လိုက်တဲ့နောက် အင်္ဂါနေမှာ အစ္စရေးစစ်တပ်က ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်နေတာပါ။

ဂါဇာ အပစ်ရပ်စဲပြီး (၂)ရက်အကြာ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးရဲ့ အခုစစ်ဆင်ရေး ပေါ်ပေါက်လာတာပါ။ အဲဒီ စစ်ဆင်ရေး မှာ အစ္စရေးစစ်တပ်၊ ရဲနဲ့ ရှင်းဘက် လုံခြုံရေးအေးဂျင့်တွေ ပါဝင်ဆင်နွှဲနေတာဖြစ်ပြီး ဂျဲနင်မြို့ထဲက အကြမ်းဖက် ဝါဒကို အမြစ်ဖြတ်ဖို့ စစ်ဆင်ရေး ဆင်နွှဲရတာဖြစ်ကြောင်းလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု က ပြောပါ တယ်။ ဟားမာ့စ်ဘက်ကလည်း အနောက်ဘက်ကမ်းဒေသထဲက ပြည်သူတွေနဲ့ တော်လှန်သော လူငယ်တွေကို စုစည်းကြဖို့နဲ့ နယ်မြေကို သိမ်းပိုက်ထားတဲ့ စစ်တပ်နဲ့ တွေ့တဲ့နေရာတိုင်းမှာ အရှိန်မြှင့်တိုက်ခိုက်ဖို့ တုံ့ပြန်ဆော်ဩ လိုက်ပါတယ်။

ပါလက်စတိုင်း သတင်းအေဂျင်စီ ဝါဖာ က အစ္စရေးစစ်လေယာဉ်တွေဟာ ဂျဲနင်မြို့ကို လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်နေပြီး သံချပ်ကာယာဉ်တွေပါဝင်တဲ့ မြေပြင်တပ်တွေကလည်း ဂျဲနင် ဒုက္ခသည်စခန်းကို ၀ိုင်းထားကာ လူနာတင်ယာဉ်တွေကိုလည်း ဝင်ခွင့်ပိတ်ပင်ထားပါတယ်။ ပါလက်စတိုင်း ဂျီဟတ်အုပ်စုဖြစ်တဲ့ အယ်လ်ကွတ်အဖွဲ့ကတော့ ဂျဲနင်ဒုက္ခသည်စခန်းကို ချီတက်လာနေတဲ့ အစ္စရေးတပ်တွေကို အဖွဲ့ဝင်တိုက်ခိုက်ရေး သမားတွေက ခုခံတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ဒေသခံသတင်းထောက်တွေ ထုတ်လွှင့်တဲ့ ဗီဒီယိုတွေမှာ လည်း ဘူဒိုဇာတွေ အပါအဝင် အစ္စရေး သံချပ်ကာယာဉ် အများအပြားဟာ ဂျဲနင်မြို့ထဲကို ဝင်ရောက်နေတာကို တွေ့ရပါတယ်။ အခုသေဆုံးသွားသူတွေဟာ အမျိုးသား(၉)ယောက်နဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သူတို့ဟာ လမ်းသွားလမ်းလာတွေလား ဒါမှမဟုတ် အစ္စရေး တပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူတွေလား ဆိုတာ ရှင်းရှင်း လင်းလင်း မသိရပါဘူး။