အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဝင်ဒါမြို့ အပါဘာလာချီး အထက်တန်းကျောင်းမှာ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှု ဖြစ်ပွားလို့ ကျောင်းသား(၂)ယောက်နဲ့ ဆရာ(၂)ယောက် သေဆုံးပြီး (၉)ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီပစ်ခတ် မှုကို အသက် (၁၄)နှစ်အရွယ် ကျောင်းသားတစ်ယောက်က ကျူးလွန်ခဲ့တာဖြစ်ပြီးတော့ အမေရိကန်မှာ အခုနှစ်ရဲ့ စာသင်နှစ် စတင်ချိန်နောက်ပိုင်းမှာ ပထမဆုံးဖြစ်ပွားတဲ့ လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုလည်း ဖြစ်ပါတယ်။
ပစ်ခတ်မှုတရားခံဟာ ပြီးခဲ့တဲ့နှစ်က အွန်လိုင်းပေါ်မှာ ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာနဲ့ ဆက်စပ်ပြီး တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရဖူးသူလို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

တရားခံဟာ AR ဆီမီးအော်တိုမက်တစ် ရိုက်ဖယ်သေနတ်နဲ့ ကျောင်းထဲမှာ ပစ်ခတ် ခဲ့ရာ ကျောင်းမှာတာဝန်ချထားတဲ့ လုံခြုံရေးတွေက ချက်ချင်း တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီအခါ တရားခံဟာ မြေပြင်ပေါ်လဲကျသွားပြီး အညံ့ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။
သူဟာ အသက်(၁၄) နှစ် အရွယ် ကို့လ် ဂရေး လို့ခေါ်တဲ့ ကျောင်းသားဖြစ်ပြီး သူ့ကို အရွယ်ရောက်ပြီး လူလတ်ပိုင်းတစ်ယောက်အနေနဲ့ တရားစွဲဆို စစ်ဆေးသွားမှာဖြစ်တယ်လို့ ဂျော်ဂျီယာပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူးက ပြောပါတယ်။