ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဒေသဆိုင်ရာ ရွေးကောက်ပွဲတစ်ခုမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအဖြစ် ဂျာမနီ လက်ယာစွန်းတွေ အရေးသာနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ ဒေသပါလီမန်တွင်းမှာ အစိုးရဖွဲ့နိုင်ဖို့လောက်အထိ ဘယ်ပါတီကမှ မဲအများစုကို အုပ်စီးမထား နိုင်တဲ့အတွက် ပြိုင်ဘက်ပါတီတွေက အဲဒီ ALD လယ်ယာစွန်းပါတီကို ဒေသဆိုင်ရာ အာဏာဆုပ်ကိုင်မှုကနေ ဖယ်ထုတ်ထားနိုင်ဖို့ ကြိမ်းသေသလောက်ရှိနေတယ်လို့လည်း ဆိုထားပါတယ်။
ALD ဟာ သူရင်ဂျီယာ ပြည်နယ် ရွေးကောက်ပွဲမှာ မဲ ၃၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး ကွန်ဆာဗေးတစ်တို့က မဲ ၂၄ ရာခိုင်နှုန်စွန်းစွန်း ရရှိထားတယ် လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
အထွေထွေရွေးကောက်ပွဲကို လာမဲ့နှစ်ထဲ ပြုလုပ်ဖို့ရှိနေချိန်မှာ အခုလို ဒေသဆိုင်ရာ ရွေးကောက်ပွဲမှာ လက်ယာစွန်းတွေ အသာစီးရတာဟာ ဆိုရှယ်ဒီမိုကရက်တစ်ဝါဒီ ဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်အဖို့တော့ မဲဆန္ဒရှင်တွေရဲ့ ဒဏ်ခတ်မှုကို ခံရပုံပေါ်နေပါတယ်။
အဲဒီဒေသဆိုင်ရာ ရွေးကောက်ပွဲမစခင် နောက်ဆုံးမဲဆွယ်စည်းရုံးလှုပ်ရှားမှု သီတင်းပတ်မှာ ဆိုးလင်ဂန်မြို့ ဂီတဖျော်ဖြေပွဲတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးတိုက်ခိုက်မှုက ရွေးကောက်ပွဲကို အရိပ်ထိုးခဲ့ပါတယ်။
လူထုရဲ့ စိတ်ခံစားမှု ရှင်းလင်းပြတ်သားတယ်လို့ ယူဆမိကြောင်း၊ သူရင်ဂျီယာပြည်နယ်မှာ လူထုက အပြောင်းအလဲကို လိုချင်နေပြီး အရင်ဖြစ်နေခဲ့တာတွေ ဆက်ဖြစ်နေဖို့ကို မလိုလားတော့ကြောင်း သူရင်ဂီယာပြည်နယ်အတွက် ALD ရဲ့ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
ALD လိုပဲ ရွှေ့ပြောင်းလူဝင်မှုကို သိပ်မလိုလားဘဲ ယူကရိန်းကို လက်နက်တပ်ဆင်ပေးမှု ရပ်တန့်စေလိုတဲ့ လက်ဝဲပါတီ BSW ဟာလည်း သူရင်ဂျီယာနဲ့ ဆက်ဆုန်နီနယ် မဲရလဒ်တွေမှာ တတိယနေရာကို ရရှိထားကြ ပါတယ်။
တခြားပါတီတွေက ALD နဲ့ အလုပ်တွဲမလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒီပြည်နယ်နှစ်ခုမှာ အစိုးရ ဖွဲ့စည်းရေးမှာ BSW က အရေးပါတဲ့ အင်အားစုဖြစ်လာနိုင်ခြေ ရှိနေပါတယ်။