ဗောက်စ်ဝက်ဂွန်ကုမ္ပဏီရဲ့ MAN Energy Solutions ဓာတ်ငွေ့တာဘိုင်လုပ်ငန်းကို တရုတ်နိုင်ငံဆီ ရောင်းချတာကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်အရ ပိတ်ပင်ဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာက ပြောဆိုခဲ့ပါတယ်။
ဇူလိုင် ၃ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပြီး ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ကလည်း ယျေဘုယျအားဖြင့် ဂျာမနီမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပေမယ့် လုံခြုံရေးအတွက် အရေးကြီးတဲ့ နည်းပညာတွေကို ကာကွယ်ရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မိမိတို့နဲ့ အမြဲတမ်း ရင်းရင်းနှီးနှီး ဆက်ဆံရေးမရှိတဲ့ နိုင်ငံတွေက လွှမ်းမိုးမှုကြောင့် အများပြည်သူလုံခြုံရေးနဲ့ အစီအစဉ်ကို အန္တရာယ်ဖြစ်စေနိုင်ရင် ဥပဒေအရ ကန့်သတ်ရမှာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ ဂျာမန်အစိုးရအဖွဲ့ အစည်းအဝေးမှာ အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။
ဇွန်လ ၂၀ ရက်က ကြေညာ ခဲ့တဲ့ သဘောတူညီချက်အရ တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်း CSIC ရဲ့ ကုမ္ပဏီခွဲတစ်ခုဟာ ဓာတ်ငွေ့တာဘိုင် ထုတ်ကုန်လိုင်းသစ်တွေ ဖော်ထုတ်ဖို့အတွက် ဂျာမနီမြို့နှစ်မြို့က MAN လုပ်ငန်းတွေကို လွှဲပြောင်းရယူမှာပါ။
အဲဒီတရုတ်ကုမ္ပဏီခွဲဟာ အသေးစားနဲ့ အလတ်စားတာဘိုင်တွေ တီထွင်ပြီး တရုတ်ရေတပ် ဖျက်သင်္ဘောတွေအတွက် အင်ဂျင်တွေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။