ထိုင်းဗိုလ်ချုပ်ဟောင်း ပရာဝစ်ဝန်ဆူဝေါင်ကို အမျိုးသမီးသတင်းထောက်တစ်ယောက်ကို ရိုက်မှုအတွက် စုံစမ်း စစ်ဆေးပေးဖို့ မီဒီယာအသင်းကြီး နှစ်ခုက လွှတ်တော်ကို တိုင်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့အ့ပတ်က ပါလန် ပရာချာရတ်ပါတီ(PPRP)ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ်ဟာ Thai PBS သတင်းထောက် အမျိုးသမီးက သူ့ကို ဝန်ကြီးချုပ်သစ်နဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းချိန်မှာ သတင်းထောက်အမျိုးသမီးရဲ့ ခေါင်းကို ရိုက်နှက်ခဲ့တာပါ။
အဲဒီလို ရိုက်နေတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ပရာဝစ်ဟာ အဲဒီသတင်းထောက်ကို ကောင်းကောင်းသိပြီး ပရာဝစ်က အဲဒီကိစ္စအတွက် တောင်းပန်ကြောင်းနဲ့ လူချင်းသိကျွမ်းရင်းနှီးလို့ စနောက်တဲ့သဘောနဲ့ ပရာ၀စဝ်က ရိုက်ခဲ့တာပါ ဆိုပြီး ပြောထားပါတယ်။
ဒါပေမဲ့ Thai PBS သတင်းဌာနက ပရာဝစ်အနေနဲ့ သတင်းထောက်ကို ခြိမ်းခြောက်တဲ့ သူရဲ့ အပြုအမူအတွက် တာဝန်ယူဖို့ တောင်းဆိုထားပါတယ်။
ထိုင်းရုပ်သံသတင်းထောက်များ အစည်းအရုံးနဲ့ ရုပ်သံသတင်းကောင်စီတို့ကလည်း ပြီးခဲ့တဲ့အပတ် သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်အပေါ် မှတ်တမ်းတင် ထားတဲ့ ဗီဒီယိုကို ပြန်လည် လေ့လာမှုကနေ တွေ့ရှိရတာက သတင်းထောက်အမျိုးသမီးအပေါ် ပရာဝစ်ရဲ့ အပြု အမူဟာ ထိတ်လန့်ကြောက်ရွံ့အောင်လုပ်တဲ့ အပြုအမူဖြစ်ပြီး သူ့ကို ထောက်ခံသူတစ်ယောက်ကို ကျီစားတဲ့ ပုံစံ မျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
သတင်းရင်းမြစ်တစ်ယောက်ရဲ့ မှားယွင်းစွာ ပြုမူဆက်ဆံခံရမှုဟာ လက်မခံနိုင် စရာဖြစ်ပြီး သတင်းကျင့်ဝတ်သိက္ခာကို ထိပါးစေတယ်လို့ Thai PBS သတင်းဌာန မှတ်ချက်ပြုတုံ့ပြန်ထားပါတယ်။