ဂျပန်နိုင်ငံရောက် ကိုရီးယားလူမျိုးများအသင်းက တက္ကသိုလ်ကျောင်းသားတွေဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကို အင်္ဂါနေ့က ရောက်ရှိလာကြတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA)ရုပ်သံက ပြောပါတယ်။
(KCNA)က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ၊ ဆရာမတွေဟာ ပြုံယမ်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာတာကို တွေ့ရပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
အဲဒီနောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားတွေဟာ မြောက်ကိုရီးယားကို အလည်အပတ်လာရောက်တာဖြစ်တယ်လို့ (KCNA) က ဖော်ပြပေမဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ပြောတာမျိုး မရှိပါဘူး။
ချုံယွန်အသင်းဟာ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ ကိုရီးယားလူမျိုးတွေရဲ့ အသင်းဖြစ်ပြီး မြောက်ကိုရီးယားနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။
အသင်းကို မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ပံ့ပိုးမှုနဲ့ ၁၉၅၀ ပြည့်နှစ်တွေက တည်ထောင်ခဲ့တာဖြစ်ပြီးတော့ မြောက်ကိုရီးယားရဲ့ ယဉ်ကျးမှုနဲ့ ဘာသာစကား ပို့ချပေးတဲ့ အသင်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ကိုရီးယားမျိုးနွယ်စု (၅)သိန်းကျော် နေထိုင်ပြီး အများစုဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်က ကိုလိုနီပြု အုပ်ချုပ်ချိန် ၁၉၁၀-၄၅ ခုနှစ်ကာလတွေတုန်းက ဂျပန်နိုင်ငံကို ချွေးတပ်သားအဖြစ် အဓမ္မ ခေါ်ဆောင်ခံခဲ့ရတဲ့ ကိုရီးယားလူမျိုး (၂)သန်းရဲ့ အဆက်အနွှယ်တွေပဲ ဖြစ်ပါတယ်။