နှစ်ပေါင်း ၆၀ နီးပါး အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဟာ အစ္စရေးအတွက် ထာဝရတည်ရှိမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဒီဇင်ဘာ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။

တနင်္ဂနွေနေ့က အစ္စရေးဟာ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်နဲ့ ဆီးရီးယားထိန်းချုပ်နယ်မြေတွေကို ပိုင်းခြားထားတဲ့ ကြားခံဇုန်အတွင်း အလျင်အမြန် ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ ဆီးရီးယားမှာ သမ္မတအာဆတ် ပြုတ်ကျပြီးနောက် လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ နယ်မြေသိမ်းပိုက်မှု ပြုလုပ်တဲ့ အစ္စရေးကို ကာတာ၊ အီရတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့က ရှုတ်ချခဲ့ပါတယ်။

နေတန်ယာဟုကတော့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတပထမသက်တမ်းအတွင်း အစ္စရေးရဲ့ ၁၉၈၁ ခုနှစ်က ဂိုလန် ကုန်းမြင့် သိမ်းပိုက်မှု ဥပဒေကို အသိအမှတ်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ဂိုလန်ဟာ ထာဝရအစ္စရေးနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။

ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့်ဟာ အစ္စရေးရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာကို အာမခံတဲ့ အရေးပါတဲ့နေရာလို့ နေတန်ယာဟုက ပြောခဲ့ပေမဲ့ ဂိုလန်ကုန်းမြင့်က ကြားခံဇုန်တစ်ခုကို အစ္စရေးသိမ်းပိုက်လိုက်တာက ဆီးရီးယားမှာ လုံခြုံရေး ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းတွေကို ပျက်ပြားစေမယ်လို့ ဆော်ဒီအာရေဗီးယားက ပြောဆိုခဲ့ ပါတယ်။