ဂိုလန်ကုန်းမြင့် မိုင်ဒါရှမ်ဒေသက အစ္စရေး ကလေးငယ်နဲ့ ဆယ်ကျော်သက် (၁၂)ယောက် သေဆုံးရမှုအတွက် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့အပေါ် အစ္စရေး ကာကွယ်ရေးဝန်ကြီးဂေါ်လန့်က ပြစ်တင်လိုက်ပါတယ်။

အဲဒီလုပ်ရပ်အတွက် ဟစ်ဇ်ဘိုလာဟာ ကြီးမားတဲ့တန်ဖိုး ပေးဆပ်ရမယ်လို့လည်း ဝန်ကြီး ဂေါ်လန့်က ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကလည်း အဲဒီအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ဆိုင်ရာ အစည်းအဝေးတစ်ရပ်ခေါ်ယူဖို့ လုပ်နေပြီးတော့ အစ္စရေး စစ်တပ်အကြီးအကဲကလည်း အကြီးတန်း စစ်အရာရှိကြီးတွေနဲ့ တွေ့ဆုံမှုတွေ လုပ်နေပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အဲဒီ ဂိုလန်ကုန်းမြင့်ဒေသ ဖြစ်စဉ်အတွက် သူတို့မှာ တာဝန်မရှိဘူလို့ ငြင်းဆိုနေပါတယ်။
အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသမှာ အခုလို အစ္စရေး ကလေးငယ်တွေ ဒုံးကျည်ထိမှန်သေဆုံးရတဲ့ ဖြစ်စဉ်ဟာ အောက်တိုဘာ(၇)ရက် ဟားမာ့စ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုနောက်ပိုင်း အစ္စရေးမြေပေါ်မှာ ဖြစ်ပွားတဲ့ အသေအပျောက်အများဆုံး ဖြစ်စဉ်ပါ။

အဲဒီဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက် အစ္စရေး ဂျက်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းထဲက ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအစည်းအဝေး ကျင်းပပြီးချိန်မှာ အစ္စရေးက ပိုမိုကြီးမားတဲ့ တုံ့ပြန်မှုတွေ လုပ်လာမယ်လို့ ခန့်မှန်းရပါတယ်။