ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတာ မရှိဘူးလို့ အစ္စရေးက ပြောကြားခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး မပြုတော့ဘဲ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ရေးအရ အရှိန်အဟုန်မြှင့် လုပ်ဆောင်မယ့် အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင် နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ရှိ မျက်မြင်သက်သေတွေပြောကြားချက်အရ အမေရိကန်နိုင်ငံသား ဓားစာခံတစ်ယောက်ဖြစ်တဲ့ Edan Alexander ကို ပြန်လည်လွှတ်ပေးပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေယာဉ်တွေ ဒရုန်း တွေနဲ့ တိုက်ခိုက်မှု ပြန်လည်စတင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ဟားမတ်စ်၊ အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးတာတွေ ရှိနေပေမယ့် အစ္စရေးက ဂါဇာကို စစ်ရေးအရအရှိန်မြှင့်တာတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ တိုးချဲ့စစ်ရေးဆင်နွှဲဖို့ အစ္စရေး အစီအစဥ်ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဟားမတ်စ်နဲ့ စစ်ပွဲက ပြီးဆုံးသွားမှာ မဟုတ်ဖူးလို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။