ဓားစာခံလွှတ်ပေးရေး သဘောတူညီချက်အောက်မှာ အစ္စရေးရဲ့ ဂါဇာထိုးစစ်ကို အပြည့်အ၀ ရပ်ဆိုင်းရေး တောင်း ဆိုထားတဲ့ အချက်အပေါ်မှာ ဟားမာ့စ်စစ်သွေးကြွအဖွဲ့က ရပ်တည်ပြောဆိုလာပါတယ်။

ဇန်နဝါရီ (၂၀)ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် ဓားစာခံတွေကို လွှတ်မပေးရင် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်ဆိုတဲ့ အမေရိ ကန် ရွေးကောက်ခံသမ္မတ ထရမ့်ရဲ့ မှတ်ချက်ဟာ လက်လွတ်စပယ်ပြောရာ ဆန်လွန်းတယ်လို့ ဟားမာ့စ်အဖွဲ့က ပြောပါတယ်။ ဟားမာ့စ် စစ်သွေးကြွအုပ်စုနဲ့ အစ္စရေး အရာရှိတွေဟာ ကာတာနဲ့အီဂျစ် စေ့စပ်ညှိုနိင်းရေးမှူးတွေရဲ့ ကြားဝင်မှုနဲ့ ဂါဇာမှာ အပစ်ရပ်သဘောတူညီချက်တစ်ရပ် ပေါ်ပေါက်လာအောင် ဆွေးနွေးစကား ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

အဲဒီအပစ်ရပ်သဘောတူညီချက်အောက်မှာ လွှတ်ပေးမဲ့ ဓားစာခံ (၃၄)ယောက်ရဲ့ အမည်စာရင်းတွေ ကိုလည်း ဟားမာ့စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ မကြာခင် ရာထူးသက်တမ်း ကုန်းဆုံးတော့မဲ့ သမ္မတဘိုင်ဒန် အစိုးရကလည်း သမ္မတဂျိုးဘိုင်ဒန် ရာထူးက မနားခင် အပစ်ရပ် သဘောတူညီမှုတစ်ရပ်ရရေး ဖော်ဆောင်ဖို့ တွန်းအားပေး တောင်းဆိုနေပါတယ်။