ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို အစ္စရေးလုံခြုံရေး ဝန်ကြီးအဖွဲ့က မေလ(၂)ရက်က အတည်ပြုလိုက်ကြောင်း ဒေသခံသတင်းမီဒီယာတွေက ဖော်ပြလာတာကို CNA သတင်းမှာ ပါရှိပါတယ်။ ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားဆဲဖြစ်တဲ့ အစ္စရေးဓားစာခံအကျဉ်းသား (၅၉)ယောက်ကို ပြန်လွှတ်မပေးသရွေ့ စစ်ရေးလှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ အစ္စရေးဘက်က ကြေညာထားပြီး နောက်တစ်ကြိမ် စစ်ရေးပြင်းထန်လာနိုင်ခြေရှိကြောင်းနဲ့ အပစ်အခတ် ရပ်စဲ ရေးအတွက် အီဂျစ်နဲ့ ကာတာတို့ရဲ့ ညှိနှိုင်းကြိုးပမ်းမှုကလည်း တိုးတက်မှု မရှိဘူးလို့ သိရပါတယ်။

၂၀၂၃ အောက်တိုဘာလ(၇)ရက်က ဟားမာ့စ်တိုက်ခိုက်မှုနောက်ပိုင်း တစ်ကြော့ပြန်စတင်ခဲ့တဲ့ အစ္စရေးရဲ့ စစ်ဆင် ရေးကြောင့် အခုအချိန်ထိ ဂါဇာမှာ လူ ၅၀၀၀၀ ကျော်လောက် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဘေးအန္တရာယ် သင့် နေတဲ့အပြင် ဆိုးရွားတဲ့ အစာရေစာ ပြတ်လပ်မှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကုလနဲ့ ကူညီထောက်ပံ့ ရေးအဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။