တီဟီရန်ဟာ အမေရိကန်ပြည်တွင်းက ဂါဇာအရေး ဆန္ဒဖော်ထုတ်မှုတွေကို အခွင့်ကောင်းယူ ဝင်ရောက်ခြယ်လှယ် ဖို့ ကြိုးစားနေပြီး ဒါဟာ လက်သင့်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်အိမ်ဖြူတော်က အင်္ဂါနေ့မှာ စွပ်စွဲပြောကြား လိုက်ပါတယ်။

အမေရိကန်လူမှုအသိုက်အဝန်းထဲမှာ စိတ်သဘောထား မညီညွတ်မှုတွေဖြစ်အောင် အီရန်နိုင်ငံဟာ အားထုတ်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအကြီးအကဲက သတိပေးမှု လုပ်ခဲ့ပြီးတဲ့နောက် အိမ်ဖြူတော် ဘက်ကနေ အခုလို အီရန်အပေါ် သတိပေး ထုတ်ပြန်မှု လုပ်လာခဲ့တာပါ။
အင်္ဂါနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး အက်(ဗ်)ရင်းလ် ဟိန်းစ်ရဲ့ အစီရင်ခံစာမှာ အီရန်အစိုးရနဲ့ ဆက်စပ်သူတွေဟာ အွန်လိုင်းပေါ်မှာ တက်ကြွလှုပ်ရှားသူ အသွင်ကို ယူထားကြောင်း၊ ဂါဇာအရေး ဆန္ဒဖော်ထုတ်မှုတွေ ပေါ်ပေါက်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ နောက်ကွယ်ကနေ ဆန္ဒဖော်ထုတ်သူတွေကို ငွေကြေး ပံ့ပိုးနေကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ကဲရင်းယန်း ပီးယာ့စ်က နိုင်ငံရေး အလွှာစုံက အမေရိကန်ပြည်သူတွေဟာ ယုံကြည်ချက် ခိုင်ခိုင် မာမာနဲ့ ဂါဇာအရေးအပေါ်မှာ သူတို့ရဲ့ လွတ်လပ်တဲ့ သဘောထား အမြင်တွေကို ဖော်ပြဖို့ ကြိုးစားနေကြပြီး ဒီလို မတူကွဲပြားတဲ့ သဘောထားအမြင်တွေ လွတ်လပ်စွာ ဖော်ပြခွင့်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်ဖို့ဟာ ဒီမိုကရေစီ စနစ်အတွက် အလွန်တရာ အရေးကြီးပါကြောင်း ယန်း ပီးယာ့စ်က ပြောသွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပြည်ပနိုင်ငံတွေရဲ့ ခြယ်လှယ်လွှမ်းမိုးဖို့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို သတိပေးဖို့ အမေရိကန် အစိုးရမှာ တာဝန်ရှိတာမလို့ အခု ကြုံတွေ့နေရတဲ့ အမေရိကန် လူ့အသိုက်အဝန်းတွင်းက ဒီမိုကရေစီ စနစ်ကို အားနည်းချိနဲ့အောင် အားထုတ်လုပ်ဆောင်ချက်တွေကို ဆက်လက် ဖော်ထုတ်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ယန်းပီးယာ့စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။