ဂါဇာမြို့ အရှေ့ပိုင်းက အထပ်မြင့် လူနေအဆောက်အဦတစ်ခုကို အစ္စရေးက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာ ကြောင့် ကလေးငယ်တွေအပါအဝင် ပါလက်စတိုင်း ၂၉ ယော် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ ဂါဇာမြို့ ရှုဂျာယာရပ်ကွက်က အဆောက်အဦတစ်ခုကို ဧပြီလ ၈ ရက် မနက်ပိုင်းမှာ အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဟားမာ့စ်အဖွဲ့ရဲ့ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

ကနဦးမှာ လူ ၂၃ ယောက် သေဆုံးခဲ့ပြီး လူ ၂ ဒါဇင်လောက် အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့အတွက် ဆက်လက်ရှာဖွေတာတွေ ပြုလုပ်နေတာပါ။အစ္စရေးဘက်ကတော့ ဒီတိုက်ခိုက်မှုအတွင်း ဟားမာ့စ် အကြီးတန်း အကြမ်းဖက်သမားတစ်ယောက်ကို လုပ်ကြံ နိုင်ခဲ့ကြောင်း ပြောခဲ့ပြီး အရပ်သားတွေကို ထိခိုက်မှုလျော့ပါးစေဖို့အတွက် တိကျတဲ့ လက်နက်တွေကို အသုံးပြု ခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သားတွေကို လူသားဒိုင်းအဖြစ် တမင်တကာ အသုံးပြုပြီး ဟားမာ့စ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပါတယ်။

ဟားမာ့စ်ကတော့ အစ္စရေးစစ်တပ်ဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်မှာ အစ္စရေးက ဂါဇာကမ်းမြောင်ကို ထိုးစစ်တွေ ပြန်စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ပါလက်စတိုင်း သေဆုံးသူ စုစုပေါင်း ၁၄၈၂ ယောက် ရှိလာပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်အတွင်းက အစ္စရေးရဲ့ အမိန့်ကြောင့် ပါလက်စတိုင်း ၃၉၀,၀၀၀ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောကြားထား ပါတယ်။