ဂါဇာကမ်းမြောင်ဒေသမှာ ဒီဇင်ဘာလ ၂ ရက်က အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၆၇ ယောက် အထိ သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။

ဂါဇာကို လူသားချင်း စာနာထောက်ထားမှု ဘေးကင်းတဲ့ဇုန်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့် အစ္စရေးက ထပ်ခါတလဲလဲ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး အခုတိုက်ခိုက်မှုမှာလည်း ဂါဇာအလယ်ပိုင်းနဲ့တောင်ပိုင်းတွေမှာ လူ ၆၇ ယောက်ထက်မနည်း သေဆုံးခဲ့ တာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ အဲဒီ တိုက်ခိုက်မှုက အဆင့်မြင့် ရဲအရာရှိတစ်ယောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ကာတာနဲ့ ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုတွေရော မြေပြင်ထိုးစစ်တွေရော ဆက်လက်အရှိန်မြှင့် ဆင်နွှဲနေတာဖြစ်ပါတယ်။