ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရ ထိုးစစ်ချဲ့ထွင်ဖို့ အစ္စရေးဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဂါဇာမှာရှိတဲ့ ဟားမာ့စ်တွေအပေါ် စစ်ရေးအရ ထိုးစစ်ချဲ့ထွင်ဖို့ အစီအစဉ်ကို အစ္စရေး လုံခြုံရေးဝန်ကြီးအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေး အရာရှိတစ်ယောက်က ပြောကြားခဲ့ ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကလည်း ဟားမာ့စ်တွေကို ဖြိုခွင်းပြီး ကျန်ရှိနေတဲ့ ဓားစာခံတွေကို ကယ်ဆယ်ဖို့အတွက် ပြင်းပြင်းထန်ထန် စစ်ဆင်ရေးတစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီး ဂါဇာရှိ လူဦးရေ ၂ ဒသမ ၁ သန်းကို ကာကွယ်ရေး အတွက် ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားဆဲဖြစ်တဲ့ အစ္စရေးဓားစာခံအကျဉ်းသား (၅၉)ယောက်ကို ပြန်မလွှတ် ပေးသရွေ့ စစ်ရေးလှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစ္စရေးဘက်က ကြေညာထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ(၇)ရက်က ဟားမာ့စ်တိုက်ခိုက်မှုနောက်ပိုင်း တစ်ကြော့ပြန် စတင်ခဲ့တဲ့ အစ္စရေး စစ်ဆင်ရေးကြောင့် အခုအချိန်ထိ ဂါဇာမှာ လူ ၅၀၀၀၀ ကျော်လောက် သေဆုံးခဲ့ပြီး လူအများအပြား ဘေး အန္တရာယ် သင့်နေတဲ့အပြင် ဆိုးရွားတဲ့ အစာရေစာပြတ်လပ်မှုတွေလည်း ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကုလနဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။တစ်ချိန်တည်းမှာပဲ ဗြိတိန်ကလည်း ဂါဇာမှာ အစ္စရေးရဲ့စစ်ရေးတိုးချဲ့မှုကို မထောက်ခံကြောင်း ပြောကြားထားပြီး စစ်ရေးတိုးချဲ့မှုကြောင့် ပါလက်စတိုင်းပြည်သူတွေ အသေအပျောက်နဲ့ ဒုက္ခသည်တွေအတွက် စိုးရိမ်မိကြောင်း ပြောကြားထားပါတယ်။