ရက်သတ္တပတ်တစ်ပတ်ကြာ ပြင်းထန်တဲ့ ထိုးစစ်အပြီး ဂါဇာစီးတီးရဲ့ ခရိုင်တချို့ကနေ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာ သွားပြီးနောက် ဇူလိုင် ၁၂ ရက်က မြို့ခံဒါဇင်ပေါင်းများစွာတို့ဟာ မြို့ရဲ့တချို့နေရာတွေကို ပြန်လည်ရောက်ရှိလာ ကြပါတယ်။

အရပ်ဘက်အရေးပေါ်အဖွဲ့တွေ မီးငြှိမ်းသတ်ပြီးနောက် အပျက်အစီးတွေကို စစ်ဆေးခဲ့ကြပြီး အယ်လ်အလီဆေးရုံ ကြမ်းပြင်ပေါ်မှာ အဖြူရောင်အဝတ်တွေနဲ့ ပတ်ထားတဲ့ အလောင်းတွေကို တွေ့ရတယ်လို့ သိရပါတယ်။ စစ်မဖြစ်မီက ဂါဇာကမ်းမြောင်ရဲ့ လူဦးရေ လေးပုံတစ်ပုံကျော် နေထိုင်ရာ ဂါဇာမြို့ဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ အကြီးအကျယ် ပျက်စီးခဲ့ပေမယ့် မြို့ခံတွေက အိမ်ပြန်ခဲ့ကြပါတယ်။

ဘယ်နေရာမှာ ဘေးကင်းမယ် ဆိုတာ မသိရပေမယ့် သူတို့ကို ထွက်သွားဖို့ အစ္စရေးက ထပ်မံအမိန့်ထုတ်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင် ဒေသ အများစုကို ထိန်းချုပ်ထားပြီး ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းကိုလည်း တိုက်ခိုက်နေပါတယ်။ အစ္စရေးက ဟားမာ့စ် စစ်သွေးကြွတွေကို ချေမှုန်းဖို့ စစ်ဆင်ရေးလုပ်နေတာဟာ ၁၀ လထဲ ဝင်လာနေပြီး ဂါဇာစီးတီးကို ထပ်မံထိုးစစ်ဆင်ခဲ့တာပါ။

အောက်တိုဘာ ၇ ရက်နေ့က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုမှာ ဟားမာ့စ်တွေ ဖမ်းဆီး ထားတဲ့ လက်ကျန် ဓားစာခံတွေကို လွတ်မြောက်စေမယ့် အမေရိကန်နောက်ခံပြု ကြားဝင်ဖျန်ဖြေသူတွေက ငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြီးသတ်ဖို့ ကြိုးပမ်းနေချိန်မှာ ထိုးစစ်ထပ်မံ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။