ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဒီနေ့ မတ်လ ၁၈ ရက် မနက်အစောပိုင်းကစလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြန်စတင်နေပြီး ပါလက်စတိုင်း အနည်းဆုံး ၂၂၀ လောက် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ဂါဇာကမ်းမြှောင်က နယ်မြေအနှံ့ကို အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်ကို စစ်အင်အား တိုးမြှင့် တိုက်ခိုက်မယ်လို့ ကတိပြုထားပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမြို့လယ်၊ ခန်းယူနစ်နဲ့ ရာဖာမြို့တွေက လူနေအိမ်နဲ့ အဆောက်အဦတွေ ထိမှန်ခဲ့ပြီး လူ ၂၂၀ သေဆုံးသလို လူရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပြပါတယ်။

ဂါဇာ အရပ်ဘက် ကာကွယ်ရေးဌာနကတော့ နေရာအနှံ့အပြားက ဗုံးကြဲခံရတဲ့ အဆောက်အဦအပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေတယ်လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဟားမတ်စ်အဖွဲ့ရဲ့ အကြမ်းဖက်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးတို့က ဒီနေ့မနက်မှာ တိုက်ခိုက်မှုတွေ ပြန်ပြုလုပ်ဖို့ အစ္စရေးတပ်တွေကို အမိန့်ပေးခဲ့တာလို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဟားမက်စ်အဖွဲ့က အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖောက်ဖျက်ပြီး ဖမ်းဆီးခံ သုံ့ပန်းတွေကိုလည်း အန္တရာယ်ကျရောက်စေတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အစ္စရေးဘက်ကတော့ ဟားမတ်စ်ဟာ ဓားစာခံတွေကို လွှတ်ပေးဖို့အတွက် အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး ကမ်းလှမ်းချက်အားလုံးကို ပယ်ချခဲ့တဲ့အတွက် အခုလို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေး ပထမအဆင့် မတ်လ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီးနောက် ဒုတိယအဆင့်ကို တက်ရောက်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီး အခုလို အခြေအနေကို ရောက်လာတာပါ။