ဂရိနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အေသင်မြို့တော်ဆီ ဆက်လက်ဦးတည် ရွေ့လျားနေလို့ သြဂုတ် ၁၂ ရက်မှာ မီးသတ်သမားတွေ ကြိုးစားငြှိမ်းသတ်နေဆဲဖြစ်ပါတယ်။
ဗရီလီဆီအာအရပ်က တောမီးဟာ အေသင်ကနေ ၆ မိုင်အကွာ ဆင်ခြေဖုံးရပ်ကွက်ကို ဖြတ်ကျော်သွားတဲ့အတွက် မီးသတ်သမားတွေဟာ ဒေသခံတွေကို ဘေးလွတ်ရာ အမြန်ရောက်ဖို့ ကူညီပေးခဲ့ရပါတယ်။
တောမီးဟာ တနင်္ဂနွေနေ့က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့တော်အနားကို ကူးစက်ပျံ့နှံ့ကာ သစ်ပင်တွေ၊ အိမ်တွေ၊ ကားတွေကို လောင်ကျွမ်းခဲ့ပါတယ်။

ဆေးရုံအများအပြားနဲ့ မြို့ရွာတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။ အခုနှစ် ဂရိနိုင်ငံရဲ့ အဆိုးရွားဆုံး တောမီးဟာ တနင်္လာနေ့က ပိုမိုကျယ်ပြန့်စွာ ကူးစက်လာရင်း လူနေထူထပ်တဲ့ မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေအထိ ရောက်ရှိလာတာပါ။
မေလကတည်းက ဂရိနိုင်ငံ တစ်ဝန်း တောမီးတွေ ရာနဲ့ချီ လောင်ကျွမ်းခဲ့ပြီး နွေရာသီမှာ အဖြစ်များပေမယ့် ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ် တဲ့ ထူးထူးခြားခြား ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တောမီးတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ စပိန်နဲ့ ဘော်လကန်ဒေသတွေမှာလည်း ဒီလထဲ ပြင်းထန်တဲ့အပူရှိန်ကြောင့် တောမီးတွေ လောင်ကျွမ်းခဲ့ပါတယ်။