ခရီးသွားတွေ လာရောက် လည်ပတ်ကြလေ့ရှိတဲ့ ဂရိနိုင်ငံ ဗိုလို့စ်မြို့ဆိပ်ကမ်းမှာ သေဆုံးနေတဲ့ ငါးကောင်ရေ ထောင်ပေါင်းများစွာကို အာဏာပိုင်တွေက လိုက်လံသိမ်းဆည်းရှင်းလင်းတာတွေ ဗုဒ္ဓဟူးနေ့က လုပ်နေပါတယ်။
အဲဒီငါးတွေဟာ ပြီးခဲ့တဲ့နှစ်က ရေကြီးရေလျှံမှုကြောင့် မူလနေထိုင်ရာ ရေချိုဒေသတွေကနေ နေရာရွှေ့ပြောင်း ရောက်ရှိလာတဲ့ ငါးတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အဲဒီငါးအသေကောင်တွေကြောင့် ဆိပ်ကမ်းရဲ့ ကမ်းနားရေပြင်ဟာ ငွေရောင်ခြုံထည်နဲ့ အုပ်ထားတဲ့ အသွင်မျိုး ဖြစ်ပေါ်နေခဲ့ပါတယ်။
ငါးအသေ ကောင်တွေ ပုပ်ပွလို့ အနံ့ဆိုးတွေ ထွက်လာနေတဲ့အတွက် အနီးအနားက စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေဆီ အဲဒီအနံ့ဆိုးတွေ ပျံ့မလာခင် ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက လိုက်လံ သိမ်းဆည်းရှင်းလင်းခဲ့ကြပါတယ်။
လက်ရှိမှာ ငါးအသေကောင် တန်ချိန်(၄၀)လောက်ကို ဖယ်ရှားရှင်းလင်းထားနိုင်ပြီလို့ ဂရိတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီငါးတွေဟာ ပတ်ဂါဆတ်တစ် ပင်လယ်ကွေ့ထဲကို မနှစ်က မုန်တိုင်းဒယ်နီရယ်ကြောင့် ဖြစ်ပေါ် လာတဲ့ ရေကြီးရေလျှံမှုတွေနဲ့အတူ စီးမျော ရောက်ရှိလာတဲ့ ငါးတွေဖြစ်ပြီး ပင်လယ်ရေငန်နဲ့ ထိတွေ့ရချင်းမှာပဲ သေဆုံးသွားခဲ့ကြပါတယ်။
အဲဒီငါးအသေကောင်တွေ ပုပ်ပွရာကနေ ထွက်လာတဲ့ ရောဂါပိုးမွှားတွေကြောင့် အဲဒီ ပတ်ဂါဆတ်တစ် ဒေသတွင်းက လင်းပိုင်တွေ ၊ ပင်လယ်လိပ်တွေ အပါအဝင် ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီး စေမှာကိုလည်း ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။