လက်ဘနွန်မြို့တော်ကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်လာတဲ့အတွက် ဂရိနိုင်ငံရဲ့ C-130 စစ်လေယာဉ် တစ်စင်းဟာ ဂရိနဲ့ ဂရိ-ဆိုက်ပရက်စ်နိုင်ငံသား ဒါဇင်ပေါင်းများစွာကို ဘေရွတ်လေဆိပ်ကနေ အောက်တိုဘာ ၃ ရက်က ကယ်ထုတ်ခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ လက်ဘနွန်မြို့အနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ ဆိုက် ပရပ်စ်ရှိ လာနာကာလေဆိပ်မှာ ဆိုက်ပရပ်စ်နိုင်ငံသား ၃၈ ယောက်ကို ချပေးခဲ့ပါတယ်။
အဲဒီနောက် ဂရိနိုင်ငံသား ၂၂ ယောက်ကို ပို့ပေးဖို့ အေသင်မြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှု တစ်နှစ်တာအတွင်း လက်ဘနွန်မှာ အဆိုးရွားဆုံးနေ့အဖြစ် ကြာသပေးနေ့က အစ္စရေးရဲ့ ဘေရွတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူခြောက်ယောက် သေဆုံးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းက လေကြောင်းခရီးစဉ်အားလုံးကို ရက်အတော်ကြာ ကြိုတင်စာရင်းသွင်းထားခဲ့ရလို အခုလို ရွှေ့ပြောင်းပေးတာဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ ထွက်ခွာလာတဲ့ ဂရိတစ်ယောက်က ပြောပါတယ်။
အင်္ဂါနေ့မှာ အီရန်က ဒုံးကျည်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့မှုနဲ့ အတူ ပဋိပက္ခ ပြင်းထန်လာပြီးနောက် လက်ဘနွန်က နိုင်ငံသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အနောက်နိုင်ငံ တွေက အရေးပေါ် အစီအစဉ်တွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
ဆိုက်ပရပ်စ်ဟာ တတိယနိုင်ငံသားတွေ သူ့နိုင်ငံကိုဖြတ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ကြော ဘေးကင်းလုံခြုံစွာ သွားလာနိုင်တဲ့ ရွှေ့ပြောင်းခွင့် ယန္တရား တစ်ခုကို အပြည့်အဝ အသက်သွင်းလိုက်ပြီလို့ ပြောပါတယ်။
ဆိုက်ပရပ်စ်ကျွန်းဟာ လက်ဘနွန်နဲ့ အနီးဆုံး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး လေကြောင်းကနေ မိနစ် ၄၀ ၊ သင်္ဘောနဲ့ ၁၀ နာရီခရီးမှာ ရှိပါတယ်။
လက်ဘနွန်ကလူတချို့ဟာ ကိုယ်ပိုင်ရွက်လှေတွေနဲ့ ထွက်ခွာလာခဲ့ကြရာ ကျွန်းပေါ်ကို စတင်ရောက်ရှိနေပြီလို့ ဆိုက်ပရက်စ် တာဝန်ရှိသူတွေက ပြောပါတယ်။