ပနားမားတူးမြောင်းနဲ့ ဂရင်းလန်ကို ရယူရာမှာ စစ်ရေးနည်းလမ်းအသုံးပြုမှုကို ဘေးဖယ်မထားဘူးလို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံ ပြောဆိုလာတဲ့အပေါ် ဥရောပခေါင်းဆောင်တွေက တုံ့ပြန်ဝေဖန် လိုက်ကြပါတယ်။ ထရမ့်ဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလထဲမှာ အဲဒီလိုတစ်ခါပြောဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ သူ့ရဲ့ စံအိမ် မာအာလာဂိုမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ထပ်မံ ပြောဆို လာခဲ့တာပါ။

ထရမ့်ရဲ့ သားအကြီးဆုံး ထရမ့် ဂျူနီယာဟာလည်း ဂရင်းလန်ကျွန်းကိုသွားရောက်ခဲ့ပြီး မကြာခင်မှာ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ထရမ့်ဂျူနီယာရဲ့ ဂရင်းလန်ခရီးစဉ်အတွင်း ဂရင်းလန် ဒေသခံတချို့က MAGA စာတန်းပါ ဦးထုပ်ဆောင်းပြီး ကြိုဆိုမှုတချို့ ရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို အကြောင်းပြပြီး ဂရင်းလန်သားတွေဟာလည်း MAGA တွေ ဖြစ်ကြတယ်ဆိုကာ ဂရင်းလန်ဒေသခံတွေကို ထရမ့်က အမေရိကန် ထောက်ခံသူတွေအဖြစ်ပုံဖော် ပြောဆိုသွားခဲ့ပါတယ်။

ထရမ့်ရဲ့ အဲဒီပြောဆိုချက် ထွက်လာတဲ့နောက်မှာ ဒိန်းမိတ် ပါလီမန်အတွင်းမှာ ဂရင်းလန်အမတ်က ဂရင်းလန်ဟာ MAGA မဟုတ်သလို ဟုတ်လည်းဟုတ်လာမှာ မဟုတ် ကြောင်း၊ MAGA ကို ထောက်ခံသူတွေဟာ ဂရင်းလန်မှာ အလွန်းနည်းပါးတဲ့ လူအနည်းစုသာ ရှိလိမ့်မယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ပနားမားနိုင်ငံကလည်း ပနားမားတူးမြောင်းရဲ့ အချုပ်အခြာအာဏာဟာ စေ့စပ်ညှိနှိုင်း ဆွေးနွေးလို့ရတဲ့အရာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။