တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ကို ဇူလိုင် ၂၀ ရက်က တိုက်ခတ်ခဲ့တဲ့ ဝီဖာမုန်တိုင်းဟာ ပုလဲမြစ်ဝှမ်းဒေသရှိ မြို့ကြီးတွေနဲ့ ကွမ်တုံပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းတွေကို အပြင်းအထန်ဖျက်ဆီးခဲ့ပြီး လူပေါင်း ၆၇၀၀၀၀ ခန့်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ China Daily သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဝီဖာတိုင်ဖွန်းဟာ တနင်္ဂနွေနေ့ ညနေပိုင်း ၅ နာရီ မိနစ် ၅၀ မှာ ကွမ်တုံပြည်နယ် တိုင်ရှန်မြို့ကမ်းရိုးတန်းကို တစ်နာရီ ၁၁၈ ကီလိုမီတာကျော်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် တိုင်ဖွန်းအဆင့်ကနေ ပြင်းထန်တဲ့အပူပိုင်းမုန်တိုင်းအဆင့်ကို တဖြည်းဖြည်း အားပျော့သွားခဲ့တာပါ။

တနင်္ဂနွေနေ့ ညနေ ၈ နာရီ ၁၅ မိနစ်အချိန်မှာတော့ ယန်ကျန်မြို့ရဲ့ ဟိုင်လင်းကျွန်းကို လေတိုက်နှုန်း တစ်နာရီ ၉၀ ကီလိုမီတာနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဝီဖာတိုင်ဖွန်းနဲ့အတူ ပြင်းထန်မုန်တိုင်းနဲ့ လေပြင်း တိုက်ခတ်တာ တွေကြောင့် ကွမ်တုံပြည်နယ်ရှိ ကွမ်ကျိုး၊ ရှန်ကျန်း၊ ကျူးဟိုင်နဲ့ အခြားမြို့ကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုနှစ်အတွင်း ၆ ခုမြောက် မုန်တိုင်းဖြစ်တဲ့ ဝီဖာတိုင်ဖွန်းကြောင့် ကွမ်တုံပြည်နယ်ရဲ့ အဓိကမြို့ကြီးတွေမှာရှိတဲ့ ကမ်းခြေသဘာဝအပန်းဖြေစခန်း အနည်းဆုံး ၅၂ ခုကို ပိတ်ထားခဲ့ရပါတယ်။

တနင်္ဂနွေနေ့က ကွမ်တုံပြည်နယ်ရှိ မြို့တွေမှာ ထုတ်လုပ်ရေး၊ဆောက်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို နောက်ထပ် အကြောင်းမကြားမချင်း ရပ်တန့်ထားဖို့ အမိန့်ထုတ်ခဲ့ပြီး ကျောင်းတွေကိုလည်း ယာယီရပ်နားခဲ့ ပါတယ်။

ကွမ်တုံပြည်နယ် ရေအရင်းအမြစ်ထိန်းသိမ်းရေးဌာနကတော့ ဝီဖာတိုင်ဖွန်းမုန်တိုင်းသင့် မြို့တွေအနေနဲ့ ရေကြီး မြေပြိုတဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ စတင်ကြဖို့ တိုက်တွန်းထား ပါတယ်။
ဒါ့အပြင် ပုလဲမြစ်ဝှမ်းဒေသနဲ့ ကွမ်တုံပြည်နယ်အနောက်ဘက် ကမ်းရိုးတန်းရှိ မြို့ကြီးတွေမှာ ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်အတွင်း မိုးသည်းထန်နိုင်တယ်လို့လည်း ကွမ်တုံမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။