ကွန်ဂိုနိုင်ငံရဲ့ မြို့တော်မှာ ရုတ်တရက် ရေကြီးမှုတွေ ကြုံတွေ့ရပြီး လူ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ CNN သတင်း မှာ ဖော်ပြပါတယ်။ မြို့တော် ကင်ရှာဆာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ မိုးသည်းသည်းထန်ထန် ရွာသွန်းတာ တွေ စတင်ခဲ့တာပါ။ လူနေရပ်ကွက်တွေထဲ ရုတ်တရက် ရေလွှမ်းသွားတဲ့နောက် ဒေသခံတွေဟာ ရေကူးပြီး၊ တချို့ လည်း လှေတွေ၊ လက်လုပ်ဖောင်တွေကို လှော်ခတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

လူဦးရေ ၁၇ သန်းလောက် နေထိုင်ရာ မြို့တော်ဟာ ကွန်ဂိုမြစ်ကမ်းပါးပေါ်မှာ တည်ရှိပါတယ်။ ကွန်ဂိုသမ္မတ ဖိလစ် ရှီဆက်ကာဒီက ရေဘေးသင့် ပြည်သူတွေကို အစိုးရက လုံးဝ မျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ အားပေး စကား ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ လက်ရှိ အချိန်ထိတော့ ရေကြီးမှုတွေကြောင့် အသေအပျောက် ၃၃ ဘောက်ထိ အတည်ပြုထားပြီးပါပြီ။ အာဖရိကရဲ့အကြီးဆုံး မြစ်တွေထဲမှာ ပါဝင်တဲ့ ကွန်ဂိုမှာ နှစ်စဉ် ရေကြီးမှုတွေ ကြုံရလေ့ ရှိပေမယ့် လက်ရှိကာလ မှာတော့ ကွန်ဂိုမြစ်ရေဟာ ဆယ်စုနှစ် ခြောက်ခုကျော် ကာလအတွင်း အမြင့်ဆုံး အဆင့်ထိ ရောက်နေပါတယ်။ ကင်ရှာဆာမှာ ရေတိုက်စားလွယ်တဲ့ သဲဆန်တဲ့ အောက်ခြေမြေသားမျိုး ရှိနေတဲ့ အပိုင်းတွေဟာ ရေကြီးမှုဒဏ်ကို ပိုမို ခံစားရလေ့ ရှိပါတယ်။

သမ္မတ ရှီဆက်ကာဒီက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ဟာ နိုင်ငံရဲ့ ရေကြီးမှု ပြဿနာကို ဆိုးသထက် ဆိုးသွားစေနိုင်တယ်လို့ သတိပေးထားဖူးပါတယ်။ကင်ရှာဆာ မြို့တော် အနောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ် အများအပြားဟာ မြစ်ရေတက်လာချိန်မှာ အလုံးလိုက် ကျွတ်ထွက်ပြီး မျောပါသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မြို့တော်ရဲ့ စုစုပေါင်းခရိုင် ၂၆ ခုရှိတဲ့ထဲမှာ ထက်ဝက်လောက်ဟာ ရေဘေးသင့်ခဲ့ပါတယ်။ အထူးသဖြင့် မြို့ရဲ့ ဆင်ခြေဖုံးတွေနဲ့ ဆင်းရဲသား ရပ်ကွက်တွေဟာ ရေကြီးတဲ့ဒဏ်ကို ပိုမို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာ ရေအမြင့်က ၅ ပေလောက်အထိ တက်ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။