အလက်စကာရဲ့ အစွန်အဖျားရပ်ကွက်တွေမှာ ကျေးဇူးတော်နေ့ ညစာစားပွဲအတွက် အမျိုးသမီးတစ်ယောက်က လေယာဉ်ငယ်နဲ့ ကြက်ဆင်သားတွေ ကြဲချပေးတာ သုံးနှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပွဲတော်နေ့မှာ ကြက်ဆင်သား စားဖို့အတွက် ဝေးလံတဲ့ဆိုင်ကို မသွားနိုင်သူတွေအတွက် မြို့ပေါ်နေ ဒေသခံ လူဟောင်းတစ်ယောက်ဖြစ်တဲ့ အက်စသာ-ခမ် ဆိုတဲ့ အမျိုးသမီးက အိမ်နီးချင်းတွေအတွက် အေးခဲထားတဲ့ ကြက်ဆင်သားတွေကို လေယာဉ်ပေါ် ကနေ ကြဲချပေးခဲ့တာပါ။
အလက်စကာဒေသဟာ ကန္တာရဆန်ပြီး နယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကုန်းလမ်းနဲ့ ဝင်ရောက်နိုင်ပါတယ်။ ဆောင်းရာသီမှာ ဝေးလံခေါင်သီတဲ့ဒေသမှာ နေထိုင်သူတွေဟာ ခရီးဝေးသွားဖို့ လေယာဉ်ငယ်တွေ ဒါမှမဟုတ် နှင်းတောသုံးယာဉ်တွေကို အားကိုးကြပြီး အေးခဲနေတဲ့မြစ်တွေက ယာယီလမ်းတွေ ဖြစ်လာပါတယ်။ ခမ်တိုမိသား စုဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က မြို့ပြကို ပြောင်းရွှေ့ခဲ့ပေမယ့် ကျေးလက်မှာ နေအိမ်ရှိနေဆဲ ဖြစ်ပါတယ်။

ခမ်ဟာ ဖခင်နဲ့အတူ ပြန်လည်တည်ဆောက်ခဲ့တဲ့ လေယာဉ်ငယ်ကိုသုံးပြီး ကျေးဇူးတော်နေ့ ညစာအတွက် အခက် အခဲရှိတဲ့ မိသားစုတွေဆီ ကြက်ဆင်သားတွေ ပေးပိုခဲ့တာလို့ ဆိုပါတယ်။ ဒီနှစ်မှာဆိုရင် လမ်းမရှိတဲ့ အိမ်ခန်းတွေ အတွက် အေးခဲထားတဲ့ ကြက်ဆင် ၃၂ ကောင်ကို ပိုပေးခဲ့ပါတယ်။ ပိုပေးတဲ့နေရာတွေထဲမှာ မြောက်အမေရိကရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဒီနာလီတစ်ဝိုက်လည်း ပါဝင်ပါတယ်။
၁၂ ပေါင်လေးတဲ့ ကြက်ဆင် တစ်ကောင်ဟာ ရရှိတဲ့ မိသားစုနဲ့ အိမ်နီးချင်းတချို့အတွက် ညစာလုံလောက်ပါတယ်။ ခမ်ရဲ့ လေယာဉ်ပေါ်က လှူဒါန်းမှုဟာ ကြက်ဆင်အကောင် ၂၀ လောက် ပါဝင်ပြီး တစ်နှစ်ကို ကြက်ဆင်အကောင် ၃၀ ကနေ ၄၀ လောက် ကောင်းကင်က ကြဲချပေးနေတာဖြစ်ပါတယ်။