United Healthcare ရဲ့ စီအီးအို ဘရိုင်ယန်း သွန်ဆင်ဟာ နယူးယောက်မြို့ မန်ဟန်တန်မှာ ဗုဒ္ဓဟူးနေ့ မနက်ခင်း က သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။

စီအီးအို သွန်ဆင်ဟာ နယူးယောက်မြို့မှာ ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံသူများ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး ညီလာခံတက်ဖို့ အသွား လမ်းမှာ သေနတ်သမားရဲ့ ပစ်ခတ်မှုနဲ့ ကြုံတွေ့ခဲ့တာပါ။
သေနတ်သမားဟာ သွန်ဆင်ကို အသံတိတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ရဲစုံထောက်တွေက သုံးသပ်ထားပါတယ်။
သူ့ရှေ့က လူတွေအများကြီး ဖြတ်သွားပေမဲ့ သေနတ် သမားဟာ ပစ်မှတ်ကိုပဲ စောင့်နေခဲ့တာဖြစ်ပြီး အခုပစ်ခတ်သတ်ဖြတ်မှုဟာ ကြိုတင်ကြံစည်ပြင်ဆင်ကာ ပစ်ခတ် လုပ်ကြံတာဖြစ်ကြောင်း (NYPD) ရဲတပ်ဖွဲ့အကြီးအကဲ ဂျက်ဆီကာ တစ်(ရှ်)က ပြောပါတယ်။

သေနတ်သမားဟာ ပစ်မှတ်ကို ပစ်ခတ်လုပ်ကြံရာမှာ ဖြည်းညင်းစွာ လှုပ်ရှားခဲ့တာကိုတွေ့ရကာ ဒါက သူဟာ အတွေ့အကြုံရှိတဲ့ ကြေးစားတစ်ယောက်ဖြစ်တယ် ဆိုတဲ့အချက်ကို ပြနေတယ်လို့ ရဲတွေက ပြောပါတယ်။
လုံခြုံရေးကင်မရာ မှတ်တမ်းတွေမှာလည်း သေနတ်သမားဟာ ပစ်မှတ်ကို ပေ(၂၀) အကွာကနေ ပစ္စတိုနဲ့ သေချာချိန်ရွယ် ပစ်ခတ်ခဲ့ တာကို တွေ့ရပါတယ်။ သေနတ်သမားက စီအီးအို ဘရိုင်ယန်း သွန်ဆင်ကို ကျောမှာ တစ်ချက်၊ ခြေထောက်မှာ တစ်ချက် ပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောထားပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရတဲ့ စီအီးအို သွန်ဆင်ရဲ့ United Healthcare ကုမ္ပဏီဟာ အမေရိကန်ရဲ့ အကြီးဆုံး ကျန်းမာရေး အာမခံကုမ္ပဏီဖြစ်ပါတယ်။ သေနတ်သမား ကတော့ ပစ်ခတ်မှုအပြီးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အမေရိကန်အာဏာပိုင်တွေက တရားခံသေနတ် သမားကို ဖမ်းဆီးရမိရေးအတွက် ရှာဖွေနေပါတယ်။